ကျိုက်ထို သိမ်ဇရပ်မှာ နေအိမ်တွေ အဓမ္မမီးရှို့ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ်မှာရှိတဲ့ ဝါးဒက်ကွင်းကျေးရွာက နေအိမ်တွေကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်က မနေ့ညက မီးရှို့ဖျက်ဆီးရာမှာ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။

မီးရှို့သူတွေကို ပြန်လည်ခုခံရင်း ထိခိုက်ဒဏ်ရာရသူတွေ ရှိပေမယ့် ဆေးရုံမတက်ရဲဘဲ နီးစပ်ရာကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ ဒဏ်ရာရရှိသူတစ်ဦးဖြစ်တဲ့ ဦးဉာဏ်ထွန်းက ပြောပါတယ်။

"ဝါးဒက်ကွင်းကျေးရွာ တိုးချဲ့ရပ်ကွက်က အိမ်ခြေ ၄၅ဝ ကို ည ၈ နာရီလောက် သားရေဂွတွေနဲ့ ဝင်ပစ်တယ်၊ အိမ်တွေကို မီးရှို့တယ်၊ မီးရှို့တော့ ပြည်သူတွေက ထွက်ပြေးတာပေါ့၊ ညကသူတို့က လူအင်အား ၂ဝဝ လောက် ရှိတယ်၊ မြောက်ဘက်ကဝင်တယ်၊ တောင်ဘက်ကဝင်တယ်၊ ကျနော်တို့ထွက်ပြေးတယ်၊ ကျနော့်နောက် ကို ပြေးလိုက်ပြီးတော့ သံတုတ်နဲ့ပြေးရိုက်တယ်၊ ကျနော်မှောက်သွားပြီးတော့ ကျနော့်ကို ဖနောက်နဲ့ပေါက်ပြီး ကန်ချလိုက်တယ်၊ ညကသတိလစ်နေတယ်၊ မနက်မိုးလင်းတော့ ကျနော့်ကို ချောက်ထဲကနေ ပြန်ထမ်းတင် လာတာပါ"

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ကလည်း အဲဒီကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးတာရှိပေမယ့် အဲဒီအချိန်က နေအိမ် ၃လုံးလောက်သာ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်တွေဟာ အဲဒီနေရာမှာ ဒေသခံတွေကို သွားရောက်ကူညီပေးနေတာဖြစ်ပြီး ဦးဉာဏ်ထွန်းဟာ တောင်သူလယ်သမား အကျိုုးဆောင်ကွန်ရက် အဖွဲ့ဝင်ဖြစ်ပါတယ်။

မနေ့ညက မီးရှို့ဖျက်ဆီးမှုမှာ ဒေသခံ အမျိုးသမီးကြီးတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

လွန်ခဲ့တဲ့၂၀၁၄ ခုနှစ်က ကျိုက်ထိုမြို့နယ်မှာရှိတဲ့ အိမ်ယာမဲ့တွေကို ဝါးဒက်ကွင်းကျေးရွာက မြေဧက ၁၀၀ နီးပါးမှာ နေရာချထားပေးဖို့ဆိုပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က ချထားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြေနေရာမှာ နေအိမ် ၆၀၀ လောက်ရှိပြီး ကျိုက်ထိုက်မြို့ခံတွေအပြင် ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဘက် ကနေ ပြောင်းရွှေ့လာသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး မြို့နယ်/ရပ်ကွက်နဲ့ တိုက်နယ် အုပ်ချုပ်ရေးမှူးတွေက အဲ့ဒီမြေနေရာမှာ အကွက်ရိုက်ပြီး ရောင်းချတာတွေ ရှိလာပြီး နေအိမ်တွေကို ဖယ်ရှားပေးဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဖိအားပေးတာတွေ ရှိလာတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း နေအိမ်တွေကို ဖြိုချဖျက်ဆီးရာမှာ တားမြစ်တဲ့ သူတွေကို အမှုဖွင့်တာတွေ ရှိသလို လူတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။