မြန်မာ့စီးပွားရေး ၆.၈ ရာနှုန်းလောက်အထိ တိုးတက်လာဖွယ်ရှိ

လာမယ့်နှစ် မြန်မာ့စီးပွားရေးဟာ ၆.၈ ရာနှုန်းလောက်အထိ တိုးတက်လာဖွယ် ရာရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်ပါတယ်။ ဒါပေမယ့် တိုးမြင့်လာနေတဲ့ ငွေဖောင်းပွမှုရဲ့ဒဏ်ကို သာမန်ပြည်သူတွေ ခံစားရမယ့်အရေးကိုလည်း သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စွမ်းအင်နဲ့ ကုန်ပစ္စည်းတင်ပို့မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှုနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၆. ၈ ရာခိုင်နှုန်းအထိ စီးပွားရေးတိုးတက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာပါ။

မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၁.၉ ဘီလျံ ရှိခဲ့ရာက ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၂.၇ ဘီလျံ အထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုဟာ စွမ်းအင်ကဏ္ဍမှာ အများဆုံးဖြစ်ပြီး၊ အထည်ချုပ်၊ သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာ၊ အစားအစာနဲ့ အဖျော်ယမကာကဏ္ဍတွေကို ဝင်ရောက်ခဲ့ပါတယ်။

ဒါပေမယ့် ငွေဖေါင်းပွနှုန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လက ၇.၃ ရာနှုန်းရှိခဲ့ပြီး၊ အိမ်ခြံမြေ၊ ဆန်နဲ့ အစားအသောက်ဈေးနှုန်းတွေ မြင့်တက်လာနေတာကြောင့်၊ ငွေဖောင်းပွမှုကို မထိန်းချုပ်နိုင်ရင် သာမန်ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ဒါ့ပြင် အစိုးရဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ် မြင့်မားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်မှာ လူမှုရေးကဏ္ဍအတွက် ဘတ်ဂျက်တိုးမြှင့်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ရေးဆွဲပုံမှာ ဘယ်ကဏ္ဍအတွက် သုံးစွဲငွေ ဦးစားပေး သုံးစွဲဖို့ စနစ်တကျ စိစဉ်ရွေးချယ်ထားတာမရှိသလို၊ စာရင်းအင်းဆိုင်ရာ စစ်ဆေးမှုအပိုင်းတွေမှာလည်း အားနည်းမှုတွေရှိနေ တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။