ခုလိုတောင်းဆို ဆန္ဒပြရတာနဲ့ ပတ်သက်လို့ အမျိုးသမီး အလုပ်သမား တစ်ဦးဖြစ်သူ မမူမူက RFA ကိုအခုလို ပြောပါတယ်။
"ဟိုတုန်းကဆိုရင် လုပ်အားခက ၁၅၀၀၊ အဲတာ အချိန်အကြာကြီး လုပ်ရတယ်။ မနက်ခင်း ၇ နာရီ ဝင်ရတယ်။ ညနေ ၅ နာရီထိုးမှ သိမ်းတယ်။ ညဆိုင်းဆိုလို့ရှိရင် ညနေ ၅ နာရီခွဲ ဝင်ရတယ်။ မနက်ကျရင် ၅ နာရီခွဲမှ သိမ်းတယ်။ ၁၂ နာရီလုပ်ချိန်ကျမှ တစ်ရက်မှ ၁၅၀၀ ပဲရတယ်။ အခု အစိုးရ သတ်မှတ်တဲ့ နှုန်းထား တစ်ရက် ၈ နာရီပဲ လုပ်ခွင့်ရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အနေနဲ့ လုံးဝမကိုက်ဘူး။ အဲတာကြောင့် လုပ်အားခ မြှင့်တင်ရေးကို တောင်းဆိုရခြင်းဖြစ်တယ်"
ငှက်နှစ်ကောင် ချိုချဉ်စက်ရုံပိုင်ရှင် ဦးသိန်းအောင်ကတော့ အခုလို အလုပ်သမားတွေ ဆန္ဒပြမယ့် ကိစ္စကို ကြိုတင်သိရှိခွင့် မရခဲ့သလို အလုပ်သမားတွေဘက်က အခွင့်အရေးတွေ တင်ပြ တောင်းဆိုခဲ့တာမျိုးလည်း မရှိခဲ့ပေမယ့် အလုပ်သမားတွေနဲ့ ပြေလည်မှုရအောင် ညှိနှိုင်းဖြေရှင်းသွားဖို့ ဆန္ဒရှိတယ်လို့ အခုလို ပြောပါတယ်။
"ညှိနှိုင်းရေးအဖွဲ့ လာရင်တော့ ပြေလည်အောင် ဖြေရှင်းပြီး ညှိနှိုင်းသွားမှာပေါ့။ ကာလပေါက်ဈေးတော့ ပေးရမယ်လေ"
အဲဒီ စက်ရုံမှာ အလုပ်သမား ၂၀၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ဆန္ဒပြပွဲဟာ စက်ရုံအတွင်း ဖြစ်တာကြောင့် ရဲအထူးသတင်း တပ်ဖွဲ့ဝင်တွေ၊ မြို့နယ် ရဲတပ်ဖွဲမှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် လာရောက် စောင့်ကြည့်ခဲ့ကြပေမယ့် ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့တဲ့အပြင် မနက် ၉ နာရီလောက်မှာ အလုပ်သမား ညှိနှိုင်းရေးအဖွဲ့တွေက လာရောက် ညှိနှိုင်းပေးတဲ့အတွက် နေ့လည် တစ်နာရီလောက်မှာ အလုပ်ရှင်နဲ့ အလုပ်သမား ပြေလည်မှု ရသွားခဲ့တယ်လို့ သိရပါတယ်။