လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရတာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား ကျောင်းသူတွေကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ နိုင်ငံရေး၊ လူမှုရေးနဲ့ စာပေအနုပညာ ရှင်တွေက တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ဒီနေ့ အရပ်ဘက်အဖွဲ့တွေနဲ့ အနုပညာရှင်တချို့ စုပေါင်းပြီး ကန့်ကွက်ပွဲကျင်းပခဲ့တာပါ။
အခမ်းအနားတက်ရောက်ခဲ့တဲ့ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အစိုးရအနေနဲ့ ပြည်သူလူထုနဲ့ ကျောင်းသားတွေ ကို တောင်းပန်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
"ကလေးတွေတောင်းတဲ့ တောင်းဆိုချက်ဟာ အင်မတန်မျှတတယ်၊ မန္တလေးကနေ သူတို့ချီတက်လာပြီးပြီ၊ ကလေးတွေ သူတို့အလံလေးနဲ့ သူတို့နဖူးစီးစည်းပြီး ခရီးသွားခွင့်ကိုမပေးဘဲနဲ့ ဖြိုခွင်းတဲ့လုပ်ရပ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်၊ ဒါကြောင့်ကျမအနေနဲ့ ကျောင်းသားထုသာမက ပြည်သူတစ်ရပ်လုံးကို အကြမ်းဖက်တဲ့လုပ်ရပ်တွေ ဆက်တိုက်ကျူးလွန်လာခဲ့တဲ့အစိုးရဟာ ပြည်သူလူထုတွေကို တောင်းပန်ဝန်ချပြီးတို့ မိမိတို့အပေါ်မှာ တင်နေတဲ့အကြွေးတွေကို အမြန်ဆုံးပြန်ဆပ်ပေးပါ"
အခမ်းအနား တက်ရောက်သူတွေက ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပြည်သူစုစုပေါင်း ၁၂၇ ဦးကိုလွှတ်ပေးဖို့ တောင်းဆိုကြောင်း လက်မှတ်တွေ ရေးထိုးခဲ့ကြပါတယ်။
အခမ်းအနားကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER၊ ကျောင်းသား ကျောင်းသူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ စာပေနဲ့ အနုပညာနယ်ပယ်စုံက စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးတင်ပြထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း အဲဒီအခမ်းအနား တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ခေတ္တရောက်ရှိနေသူ အဆိုတော်ကိုမွန်းအောင်ကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။