ကနေဒါကလည်း ပိတ်ဆို့မှုတွေ ဆိုင်းငံ့

မြန်မာနိုင်ငံရဲ့လတ်တလော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှု အများစုကို ယာယီ ဆိုင်းငံ့လိုက်တော့မှာ ဖြစ်ကြောင်း ကနေဒါနိုင်ငံ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဥရောပသမဂ္ဂ အီးယူရဲ့ မြန်မာအပေါ် ပိတ်ဆို့မှုတွေ ယာယီဆိုင်းငံ့လိုက်တဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့အပြီး ကနေဒါ နိုင်ငံံခြားရေးဝန်ကြီး မစ္စတာ John Baird က မနေ့က ထုတ်ဖော်ပြောဆို လိုက်တာပါ။

ကနေဒါရဲ့ ဆိုင်းငံ့လိုက်တဲ့ ပိတ်ဆို့မှုအများစုမှာ သွင်းကုန်၊ ပို့ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး လူပုဂ္ဂိုလ်တွေအပေါ် ပိတ်ဆို့ အရေးယူထားတာတွေလည်း ပါဝင်တယ်လို့ ကနေဒါ နိုင်ငံံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့ လက်နက် အရောင်းအဝယ်ကိုတော့ ဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။

ကနေဒါ နိုင်ငံဟာ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်အရေးယူခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကနေဒါ နိုင်ငံံခြားရေးဝန်ကြီးက -

"ပိတ်ဆို့ အရေးယူတဲ့နည်းဟာ ဒီကနေ့ ခေတ်သစ်ကမ္ဘာမှာ ထိရောက်တယ်ဆိုတာ သက်သေသာဓကကောင်း တစ်ရပ်အနေနဲ့ ပြသလိုက်တာလို့ ဆိုနိုင်ပါလိမ့်မယ်။ ကာယကံရှင် အစိုးရက ပြုပြင်ပြောင်းလဲ လာတဲ့အခါမှာလည်း မိမိတို့အနေနဲ့ ကူညီအားပေးရမှာ ဖြစ်ပါတယ်" လို့ပြောဆိုပါတယ်။

ဆက်လက်ပြီး - " မိမိတို့အနေနဲ့ အကောင်းမြင်သဘောနဲ့ မျှော်လင့်ချက် ထားပါတယ်။ တချိန်တည်းမှာလည်း မိမိတို့ဟာ ရိုးအသူတွေ မဟုတ်ပါဘူး။ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ကနေဒါ အနေနဲ့ မြန်မာနိုင်ငံမှာ အခုထက်ပိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မြင်ချင်ပါတယ်။ အလားတူ လိုအပ်လာရင် ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ရမှာ ဖြစ်ပါတယ်"လို့ ကနေဒါ နိုင်ငံံခြားရေးဝန်ကြီး မစ္စတာ John Baird က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ကနေဒါ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လုင်ငန်းတွေ လုပ်ကိုင်နိုင်တော့မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။