ပါတီများဖျက်သိမ်းခံရမှု ကနေဒါအစိုးရ ကန့်ကွက်

ကနေဒါအစိုးရက မြန်မာနိုင်ငံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီ ဆယ်ပါတီကို ဖျက်သိမ်းလိုက်တဲ့အတွက် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Lawrence Cannon ပြောရာမှာ မြန်မာစစ်အစိုးရဟာ ဒီကရေစီ ပြုပြင်ပြောင်းလဲရေး ကတိတွေ ပေးထားတာ ပျက်ကွက်မှုဟာ အလွန်ဆိုးဝါးကြောင်း၊ NLD အပါအဝင် တခြားနိုင်ငံရေးပါတီ ကိုးပါတီကို ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီအခြေခံ အုတ်မြစ်ကို မျက်ကွယ်ပြုလိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ပြောတဲ့ ရွေးကောက်ပွဲဟာလည်း ဖိနှိပ်မှုတွေကြားထဲက ကျင်းပမဲ့ ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ကနေဒါအစိုးရအနေနဲ့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေအပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ တွေ့ဆုံစကားပြောဖို့ကို ဆက်လက်တိုက်တွန်းကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ကြေငြာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။