မဲဆွယ်စည်းရုံးရေးကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ် ၁၇၀ ကျော်ရှိ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရာမှာ အသုံးပြုခဲ့တဲ့ ကုန်ကျစရိတ်တွေကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ တင်သွင်းဖို့ ပျက်ကွက်သူ ၁၇၀ ကျော်ရှိပြီး အဲဒီကိုယ်စားလှယ်လောင်းတွေကို ခုံရုံးဖွဲ့ပြီး စစ်ဆေးသွား မယ်လို့ သိရပါတယ်။

သတ်မှတ်ထားတဲ့ကာလအတွင်း ဘာကြောင့်မတင်သွင်းနိုင်တာလဲဆိုတာကို မေးမြန်းမှာဖြစ်ပြီး တင်သွင်းဖို့ ပျက်ကွက် တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဒီလအတွင်း အပြီးစစ်ဆေးမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်း က ပြောပါတယ်။

"တကယ်ဆို သတ်မှတ်ထားတဲ့ရက်ကကျော်လွန်နေပြီ၊ သတ်မှတ်တဲ့ရက်အတွင်းမှာ မတင်သွင်းနိုင်လို့ ပြစ်မှု တစ်ခုတော့ရှိပြီးပြီပေါ့၊ ပြည်နယ်နဲ့ တိုင်းမှာ ကုန်ကျစရိတ်ကို မတင်သွင်းတဲ့သူတွေကို အတိအကျစစ်ဆေးမှာဖြစ် ပါတယ်"

အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ နောက်ရွေးကောက်ပွဲတစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ ရွေးကောက်ပွဲ ဥပဒေမှာ တားမြစ်ထားပါတယ်။

အဲဒီကိုယ်စားလှယ်လောင်း ၁၇၀ ကျော်ဟာ နေပြည်တော်ကောင်စီနယ်မြေနဲ့ ကရင်ပြည်နယ်တွေက မဟုတ်ဘဲ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းအားလုံးဟာ မဲဆွယ်စည်းရုံးစရိတ် ငွေကျပ် သိန်း ၁၀၀ ထက်ကျော်လွန်သုံးစွဲလို့ မရဘဲ ရွေးကောက်ပွဲရလဒ်တွေကြေညာအပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေထံ ကုန်ကျစရိတ်တွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်သူတွေကို ခုံရုံးဖွဲ့စစ်ဆေးတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တို့မှာ ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်သူတွေကို ခုံရုံးဖွဲ့စစ်ဆေးတာမျိုး မရှိခဲ့ဘဲ အရည်အချင်းပျက်ယွင်းသူအဖြစ် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် တစ်ထောင်ကျော် ရွေးချယ်ခံခဲ့ရပါတယ်။