ပဲခူးတိုင်း ရွေးကောက်ပွဲရလဒ်ကို အသိမှတ်မပြုကြောင်း ကိုယ်စားလှယ်လောင်းများ ကြေညာ

စစ်အစိုးရက ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့အတွက် အသိအမှတ် မပြု နိုင်ကြောင်း ပဲခူးတိုင်းအတွင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက လက်မှတ်ရေးထိုးတဲ့ ကြေညာချက်တစောင် နိုဝင်ဘာ ၁၀ ရက် ဒီကနေ့ ထုတ်ပြန်ပြီး နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။

0:00 / 0:00

ကြေညာချက် လက်မှတ်ရေးထိုး ပါဝင်သူတွေကတော့ ပြည်တောင်စု ဒီမိုကရေစီပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။

ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူပြီး ရေးလိုက်တဲ့စာမှာ ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိတာကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို ကိုယ်စားလှယ်လောင်းများအနေနဲ့ အသိအမှတ်မပြုကြောင်း အသိပေး တင်ပြခြင်း ဖြစ်တယ်လို့ ရေးထားကြောင်း သိရပါတယ်။

ပဲခူးတိုင်းအတွင်းက တခြားပါတီတွေက ကိုယ်စားလှယ်တွေပါ ပါဝင်ဖို့ရှိတယ်လို့လည်း ပြောပါတယ်။ ဒီကိစ္စကို ကော်မရှင်အနေနဲ့ လစ်လျူရှုထားမယ်ဆိုရင်တော့ တက်လာမည့် ပြည်သူ့လွှတ်တော်နဲ့ အစိုးရကို အသိအမှတ် ပြုမှာမဟုတ်ဘူးလို့ ဦးသိန်းဌေးက ပြောပါတယ်။

ပဲခူးတိုင်းအတွင်း အဓိကပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီတွေကတော့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ပြည်တောင်စု ဒီမိုကရေစီပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီနဲ့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့အပြင် တသီးပုဂ္ဂလ အမတ်လောင်းနှစ်ဦးတို့လည်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်း ပေးပို့ထားပါတယ်။

အသံဖိုင်ယူရန်