ခိုင်ခိုင်စန္ဒာ ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံက အလုပ်သမား (၆၀) ကျော်ဟာအခြေခံလုပ်ခလစာ ဖြတ်တောက်ခံရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနရုံးကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက် အရေးဆို တိုင်ကြားခဲ့တဲ့ အတွက် အလုပ်ရှင်ဘက်က အငြိုးအတေးထားပြီး တခါမှမတောင်းခဲ့ဖူးတဲ့ ကျွမ်းကျင်လက်မှတ်တွေ တောင်းဆိုတာဖြစ်နိုင်တယ်လို့ အလုပ်သမားခေါင်းဆောင် ကိုအောင်ထွဋ်က RFA ကိုပြောပြပါတယ်။
အလုပ်သမားတွေအနေနဲ့ ဒီကနေ့ ကြုံတွေ့ရတဲ့ အခြေအနေကို မြို့နယ်အလုပ်သမားဦးစီးဌာနရုံးကို သွားရောက်တိုင်ကြားခဲ့ပေမယ့် ညနေ (၃) နာရီအထိ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။
ခိုင်ခိုင်စန္ဒာ ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံက အလုပ်သမားတွေရဲ့ အခြေခံပျမ်းမျှလစာဟာ တစ်ရက်ကို ၂၀၀၀ ကျပ်ကနေ ၇၀၀၀ ကျပ်အထိ ရရှိပြီး ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း ၅၀၀ ကျပ် ဖြတ်တောက် ခံရတဲ့အတွက် အလုပ်သမားတွေက မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။
ဒါ့ပြင် အခု စက်တင်ဘာလအတွက် ၁၅၀၀ ကျပ်လောက် ဖြတ်တောက်မယ်လို့ သတင်းထွက်ပေါ်လာပြန်တာကြောင့် အလုပ်သမားတွေက မြို့နယ်အလုပ်သမား ဦးစီးဌာနရုံးကို သွားရောက်တောင်းဆိုခဲ့ကြပြီး မြို့နယ်ရုံးကနေတဆင့် ခုံသမာဓိကို တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။
ခိုင်ခိုင်စန္ဒာစက်ရုံမှာ အလုပ်သမား ၉၀ လောက် ရှိပြီး အများစုက ကျွမ်းကျင်ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
