မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကားအစီးရေ ၃ သိန်းကျော် တင်သွင်းခွင့်ပြုခဲ့ပြီး အခွန်ငွေကျပ် ဘီလျံ ၉၀၀ ရရှိခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီနေ့ မြစ်ကြီးနားမြို့မှာ ပြောခဲ့ပါတယ်။
မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒေသခံတွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က အခုလိုပြောခဲ့တာဖြစ်ပါတယ်။
"အစိုးရသစ်တက်လာတဲ့အချိန်မှာတော့ မော်တော် ယာဉ်တင်သွင်းခွင့်ကို ကျနော်တို့ နိုင်ငံခြားသွား အလုပ်လုပ်တဲ့သူတွေ၊ သင်္ဘောသားတွေ ကျနော်ပေးပါတယ်၊ မကြာခင်မှာလည်း ဒါဆိုရင် လည်း လူတန်းစားခွဲခြားရာရောက်မယ်၊ မှတ်ပုံတင် ရှိတဲ့မည်သူမဆို ကျနော်တို့ အခုပေးပါတယ်၊ ကျနော်တို့ ကားအစီး ၃ သိန်းကျော် ပေးပြီးပါပြီ၊ ဒီလာခါနီးပေါ့ ကျနော် DG နဲ့ပေါ့လေ၊ Custom DG နဲ့ပြောတာ ကားသွင်းလို့ရတာ အခွန်ဘယ်လောက်ရလဲ ဆိုတော့ ကျနော်တို့ ကျပ်ငွေ ဘီလီယံ ၉၀၀ ရပါတယ်၊ US ဒေါ်လာနဲ့ပြောလို့ရှိရင်တော့ ကျနော်တို့ ၉ ဘီလီယံနီးပါးလောက်ရတယ် ၊ ပြောချင်တာကတော့ ကျနော်တို့ အခွန်အခတွေရအောင်တော့ လုပ်ပေး ခဲ့ပြီးဖြစ်တယ်"
ဒါ့အပြင် ကချင်ပြည်နယ်က လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ လုပ်ငန်းလိုင်စင်တွေလျှောက်ထား နိုင်ဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဋ္ဌာနကို မြစ်ကြီးနားမြို့မှာ ရုံးခွဲဖွင့်လှစ်ပေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ဟာ မနက်ဖြန်မှာ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေးစခန်း တစ်ခုကို သွားရောက်လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့ခံတွေ၊ လုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၄၀၀လောက် တက်ရောက်ခဲ့ပါတယ်။
