အပစ်ခတ်ရပ်စဲရေးမူ ၉ ချက်ကို တိုင်းရင်းသား ၁၇ ဖွဲ့ သဘောတူ

0:00 / 0:00

0:00 / 0:00

0:00 / 0:00

ကေအိုင်အေဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ ညီလာခံမှာ တက်ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုဆိုင်ရာ ဘုံသဘောတူညီချက် ၉ ချက်ကို ဒီနေ့လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ကတော့ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိဘူးလို့ RCSS ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှက RFA ကို ပြောပါတယ်။

သဘောတူညီချက်ထဲမှာ တစ်ဖွဲ့ချင်းစီက ကိုယ်စားလှယ်တစ်ဦးစီပါဝင်တဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီတစ်ရပ်ဖွဲ့ဖို့လည်း ပါဝင်ပါတယ်လို့ သိရပါတယ်။

တက်ရောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အဆိုအရ နိုင်ငံရေးဆွေးနွေးပွဲပြီးမှ အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်မယ်လို့ သဘောထားပါရှိကြောင်း သိရပါတယ်။

ဒါပေမယ့် သဘောတူညီချက် ၉ ချက်မှာ တိတိကျကျ ဘယ်အချက်တွေပါတယ်ဆိုတာကို အခုထိတိုင်းရင်းသားအဖွဲ့တွေက တရားဝင် ထုတ်ပြန်ပြောဆိုတာမရှိသလို နိုင်ငံရေးဦးဆောင်ကော်မတီမှာ ဘယ်သူတွေပါဝင်မယ်ဆိုတာလည်း အခုထိအသေးစိတ် ထုတ်ပြန်ပြောကြားခြင်းမရှိသေးပါဘူး။

အဲဒီကော်မတီဟာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဆွေးနွေးတဲ့အခါ အားလုံးကိုကိုယ်စားပြုဆွေးနွေးရမယ့်ကော်မတီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီညီလာခံအပြီး နောက်ဆက်တွဲအနေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ဆက်စပ်ပြီး RCSS/SSA ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းလှကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တွေ့ဆုံမေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးစင်တာက အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေနဲ့ RFA အဖွဲ့သား ကိုဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

ညီလာခံအခြေအနေနနဲ့ သဘောတူညီချက်တွေအပေါ် တိုင်းရင်းခေါင်းဆောင်တွေရဲ့ အမြင်နဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။