ဖယ်ဒရယ်ပြည်ထောင်စုကော်မတီဖွဲ့ရေး တိုင်းရင်းသား ၆ ဖွဲ့ဆွေးနွေး

မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားခဲ့ကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ အပါဝင် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေဟာ ဖက်ဒရယ် ပြည်တောင်စု တည်ထောင်ရေး ကော်မတီတခု ဖွဲ့စည်းဖို့အတွက် ထိုင်း-မြန်မာနယ်စပ် တနေရာမှာ နိုဝင်ဘာ ၂ ရက် ဒီကနေ့ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

0:00 / 0:00

စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အဖွဲ့တွေနဲ့ စစ်အစိုးရနဲ့ အပစ်ရပ်သဘောတူ မထားတဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) ၊ ချင်း အမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ ဖြစ်ပါတယ်။

ဒီကနေ့ကစပြီး ၃ ရက်တိုင်တိုင် ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ သူတို့ အဓိက ဆွေးနွေးနေကြတာကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်း တွေ့ဆုံချိန်က သဘောတူထားခဲ့ပြီး ဖြစ်တဲ့ ဖက်ဒရယ် ပြည်တောင်စု တည်ထောင်ရေး ကိစ္စကို လုပ်ငန်းကော်မတီတခု ဖွဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ KNPP ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ခူးထဲဘူးဖဲ က ပြောပါတယ်။

ဒီအစည်းအဝေးမှာ တက်ရောက်နေတဲ့ အမည်မဖော်လိုသူခေါင်းဆောင်တဦးကတော့ တိုင်းရင်းသားအဖွဲ့တွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဖက်ဒရယ် ပြည်တောင်စု ကော်မတီ ဖွဲ့စည်းဖို့ စည်းမျဉ်းစည်းကမ်းတွေကို ဆွေးနွေးပြီး ရေးဆွဲနေဆဲ ဖြစ်တယ်လို့ပြောပေမဲ့ အသေးစိတ်တော့ မပြောပြပါဘူး။

တက်ရောက်လာသူတွေကတော့ KNPP အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် အေဘယ်လ်တွီး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ နိုင်ငံခြားရေး ဒုတာဝန်ခံ ဦးရွှေမျိုးသန့်၊ KNU အဖွဲ့က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ မဟာမိတ် ဆက်ဆံရေး တာဝန်ယူထားတဲ့ ပဒို မန်းငြိမ်းမောင် ၊ NMSP အဖွဲ့က အတွင်းရေးမှူး နိုင်ဟံသာ၊ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လရီဂါကောင်း၊ ဒု နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ခြေးမွန်တို့ ပါဝင်ပါတယ်။

တဖွဲ့ချင်းစီက ခေါင်းဆောင် ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်ခဲ့ကြသလို တိုင်းရင်းသား လူမျိုးများကောင်စီ (ENC) ရဲ့ ခေါင်းဆောင်တချို့ပါ တက်ရောက်နေကြတယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ ကေအိုင်အိုအရာရှိတွေ မကြာခင်ကမှ ပြန်လည် ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်ချပြ ဆွေးနွေးမှုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

ဒီတကြိမ်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့အတွင်း ပြီးခဲ့တဲ့ မေလကစလို့ သုံးကြိမ်မြောက် တွေ့ဆုံကြတဲ့ပွဲ ဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်၊

အသံဖိုင်ယူရန်