ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က အာအက်ဖ်အေကို အခုလိုပြောပါတယ်။ “ငါးထောင်ကျပ်တန် SIM ကဒ်က ပြည်သူလူထု ဆင်းရဲ မွဲတေမှု ပပျောက်ရေးမှာ အထိုက်အလျောက် အထောက်အပံ့ ဖြစ်နိုင်တဲ့အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော်တို့က မေတ္တာရပ်ခံချင်တာက ချက်ချင်း လုပ်နိုင်တဲ့ကိစ္စတွေကို ချက်ချင်းလုပ်ပေးပါ၊ ပြည်သူလူထု ဆင်းရဲမွဲတေမှုကို လက်ပိုက် ကြည့်မနေကြပါနဲ့။ ဘယ်လို အစိုးရမျိုး တက်တက်ပေါ့ဗျာ၊ ကျွန်တော်တို့က ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အစဉ်တစိုက် တောင်းဆိုသွားမှာဖြစ်ပါတယ်” လူတစ်ယောက် မှတ်ပုံတင်ပြရင် SIM ကဒ် တစ်ခု ၅၀၀၀ နှုန်းနဲ့ မကြာခင်ကာလမှာ ရောင်းချပေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်မယ်လို့ ရွှေပြည်တံခွန် ကုမ္ပဏီက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဆက်သွယ်မှု ကွန်ရက်ကို စနစ်တကျ တည်ဆောက်ဖို့ အချိန်တော်တော်ကြာကြာ လိုအပ်နေသေးသလို တည်ဆဲဥပဒေတွေနဲ့လည်း မကိုက်ညီတဲ့အတွက် ကျပ် ၅၀၀၀ တန် ဖုန်းကိစ္စက လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန် ကြေညာခဲ့ပါတယ်။