ကချင်နဲ့ ရခိုင်ဒေသတချို့မှာ သန်းခေါင်စာရင်းကောက်ခံရက် တိုးမြှင့်

0:00 / 0:00

ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ဒေသအချို့မှာ သန်းခေါင်စာရင်းမကောက်ယူနိုင်သေးဘဲ ကျန်ရှိနေသေးတဲ့သူတွေကို မေလကုန်အထိ နောက် ဆုံးထားပြီး ကောက်ခံသွားမှာဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သန်းခေါင်စာရင်း ကောက်ယူ ခဲ့မူအခြေအနေနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလိုပြောပါတယ်။

"တစ်ပြည်လုံးမှာ ဘင်္ဂလီက ၁.၃၃ မီလျှံရှိပါတယ် ၊သဘောကတော့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဘင်္ဂလီ သုံးသိန်းကျော်ရှိတယ်ပေါ့လေ၊အဲ့ဒီ သုံးသိန်းကျော်လို့ ကျနော် တို့ ကောက်လို့ရပါတယ် ကောက်လို့ရတယ်ဆကိုတည်းက ရိုဟင်ဂျာမထည့်လို့ ကောက်လို့ရတာပေါ့နော်၊ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ခရိုင် ၅ ခုရှိပါတယ်၊ဆိုတော့ ခရိုင် ၂ ခုဟာ ဘင်္ဂလီများအကောက်ခံပါတယ် ၊ခရိုင် ၃ ခုပဲကျနော်တို့ကျန်ပါတယ် အဲ့ဒီတော့ ကျန်တဲ့ ပုဂ္ဂိုလ်တွေကို ၆ ပတ်(သို့မဟုတ်) ၈ ပတ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မေလကုန်၊ဒါမှမဟုတ် ဂျူလိုင်လ ပထမအပတ်ထိ အကျုံးဝင်တယ်ဆိုတဲ့ အတွက်ကြောင့် ထပ်ပြီးကောက်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်"

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့တိုက်ပွဲတွေကြောင့် သန်းခေါင် စာရင်းမကောက်ယူနိုင်သေးတဲ့ ကျေးရွာအုပ်စုပေါင်း ၂၅ ခု ကျန်နေသေးတယ်လို့ သိရပါ တယ်။

အလားတူ ရခိုင်ပြည်နယ်က ခရိုင် ၅ ခုမှာ ခရိုင် ၃ ခုက ဘင်္ဂါလီ လူမျိုးတွေကို သန်းခေါင်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်မထည့်သွင်းရတာကြောင့် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့တဲ့ဒေသတွေမှာ ဒီလ မေလ နောက်ဆုံးရက်နေ့ အထိ နောက်ဆုံးထားကာ သန်းခေါင်စာရင်း ထပ်မံကောက်ယူဖို့ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ဘင်္ဂါလီလူမျိုး ၁.၃ သန်းကျော်ရှိပြီး ရခိုင်ဒေသတစ်ခုထဲမှာပဲ ဘင်္ဂါလီလူမျိူး ၁.၀၅ သန်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝန်ကြီးဦးခင်ရီက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာမရှိကြောင်း၊ မြန်မာနိုင်ငံသားဖြစ်ခွင့်ရ ရေးအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။