မြစ်ကြီးနားခရိုင် ကျေးရွာ ၈၀ ကျော်မှာ သန်းခေါင်စာရင်း မကောက်ယူနိုင်သေး

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ တားဆီးမှုကြောင့် လက်ရှိအချိန်အထိ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်ထဲက ကျေးရွာပေါင်း ၈၀ ကျော်မှာ သန်းခေါင်စာရင်းကောက်ယူလို့ မရနိုင်သေးဘူးလို့ မြစ်ကြီးနားခရိုင် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးက RFA ကို ပြော ပါတယ်။

အရင်က ၁၀၇ ရွာ ကောက်ယူလို့ မရနိုင်ခဲ့ရာကနေ ကန်ပိုက်တီး၊ တနိုင်း၊ ဝိုင်းမော်စတဲ့မြို့နယ်တွေက ကျေးရွာ တချို့ ပြန်လည်ကောက်ယူလို့ရတာကြောင့် မြစ်ကြီးနား ခရိုင်ထဲက ကောက်ယူလို့မရနိုင်သေးတဲ့ကျေးရွာ ၈၈ ရွာမှာ ကျန်နေသေးတယ်လို့ မြစ်ကြီးနားခရိုင် လဝက ဦးစီးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

"တစ်ခရိုင်လုံးအနေနဲ့ ပြောရရင်တော့ ကျနော်တင်တုန်းကတော့ ၁ဝ၇ ရွာပေါ့ဗျာ၊ အခုတော့ တော်တော်ကိုလျော့ချသွားပြီ၊ ကန်ပိုက်တီးက ၈ ရွာလောက်ရှိတယ်၊ အခု ၈ ရွာစလုံး ကောက်လို့ရတယ်လို့ ကျနော့်ဆီကို သတင်းပို့ပါတယ်၊ အများဆုံးကတော့ အင်ဂျားယန်ပါခင်ဗျ ၅၄ ရွာ၊ တနိုင်းကြီးရွာလည်း ရအောင်ဆောင်ရွက်မယ်လို့ သိရပါတယ်ခင်ဗျ၊ အရင်တုန်းက ၁ဝ၇ ရွာရှိပါတယ်၊ အဲဒီ ၁ဝ၇ ရွာကို ဝိုင်းမော်က ရွာပျက်ရော ပေါင်း လိုက်မယ်ဆိုရင် ၉၇ ရွာပေါ့ခင်ဗျ၊ ၉၇ ရွာမှာ အဲဒီကန်ပိုက်တီး ၈ ရွာကို နုတ်လိုက်မယ်ဆိုရင် ၈၉ ပေါ့"

ကချင်တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ လောလောဆယ် မကောက်ယူနိုင်သေးတဲ့ကျေးရွာေပါင်း ၃၀၀ ကျော်ရှိပြီး အဲဒီကျေးရွာတွေဟာ အစိုးရအုပ်ချုပ်ရေးနယ်မြေနဲ့ ကေအိုင်အို ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ထိစပ်နေတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ လဝကရုံးအရာရှိတွေက ပြောပါတယ်။

အစိုးရအုပ်ချုပ်ရေးနယ်မြေနဲ့ ကေအိုင်အို စိုးမိုးထားတဲ့ဒေသ ထိစပ်နေတဲ့ ကျေးရွာတွေမှာ သန်းခေါင်စာရင်းကောက်ယူမှု နဲ့ ပတ်သက်ပြီး ကေအိုင်အိုဗဟိုက သီးခြားညွှန်ကြားထားတာ မရှိကြောင်းနဲ့ ရှေ့တန်းမှာ လက်တွေ့ဆောင်ရွက်နေ တဲ့ ကေအိုင်အေဝန်ထမ်းတွေနဲ့သာ သက်ဆိုင်တယ်လို့ ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးက RFA ကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က ပြောထားပါတယ်။

မြစ်ကြီးနားခရိုင်ထဲမှာ ဒီနေ့ထိ အိမ်ထောင်စုပေါင်း လေးသောင်းခြောက်ထောင်ကျော်နဲ့ လူဦးရေစုစုပေါင်း နှစ်သိန်း ခုနှစ်သောင်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူပြီးစီးပြီလို့ သိရပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၃၀ ရက်နေ့က ဧပြီလ ၁၀ ရက်နေ့အထိ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကောက်ယူနေတာ ဖြစ်ပါတယ်။