ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်များ သဘောတူ

ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေအားလုံး နိုင်ငံသားမှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စုသန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘောတူလိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို ပြောပါတယ်။

လာမယ့် ၂ဝ၁၄ နှစ်ဆန်းပိုင်းကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူတော့မှာဖြစ်ပြီး အဲဒီနယ်မြေအတွင်းမှာ လူမျိုးပေါင်း ၁၆မျိုးထိရှိတယ်လို့ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်က အခုလိုပြောပါတယ်။

"အစိုးရနဲ့ သဘောတူထားတာ ဒီတခေါက်က လူဦးရေကောက်ဖို့ဘာညာနဲ့ မှတ်ပုံတင်လုပ်ဖို့ အဲဒါပဲ၊ ဝဒေသမှာ ၁၆ မျိုးရှိတယ်၊ လူမျိုးစုံတယ်၊ ၄ သိန်း ပတ်ဝန်းကျင်လောက်ရှိပါတယ်၊ အများစုက ဝများတာပေါ့၊ ရှမ်းရှိတယ်၊ တရုတ်ရှိတယ်၊ ပလောင်ရှိတယ်၊ အမျိုးမျိုးပဲ လူမျိုးစုံရှိတယ်"

ပြီးခဲ့တဲ့ သတင်းပတ်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ဝ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရခဲ့တာလို့ သိရပါတယ်။

အစိုးရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့် ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။