ဗဟိုဘဏ် ဒေါ်လာငွေပေါက်ဈေး သတ်မှတ်ရောင်းချပေး

0:00 / 0:00

စက်သုံးဆီ၊ စားသုံးဆီနဲ့ အိမ်ဆောက်ပစ္စည်း တင်သွင်းသူလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒီနေ့စတင်ပြီး အမေရိကန်တစ်ဒေါ်လာကို ၁၁၀၅ ကျပ် ပေါက်ဈေးသတ်မှတ်ပြီး ရောင်းချပေးလိုက်ပါတယ်။

MFTB မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ MICB မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေအပြင် ပုဂ္ဂလိကဘဏ်တွေကတဆင့် ရောင်းချပေးလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်း ချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။

"ပုဂ္ဂလိကဘဏ်တွေတင် မဟုတ်ပါဘူး နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရှိတဲ့ဘဏ်ဆိုတာလေ အစိုးရဘဏ်လည်းပါပါတယ်၊ နိုင်ငံပိုင်ဘဏ်ဆိုတာ MFTB၊ MICB ဘဏ်တွေလည်းပါပါတယ်၊ ဒီနေ့ ဗဟိုဘဏ်ကနေပြီးတော့မှ ငွေရောင်းပေးလိုက်တာ၊ အဲဒီ့ငွေက ရောင်းချခွင့်လည်းမရှိဘူး"

အခုသတ်မှတ်ပေးလိုက်တာဟာ ဒေါ်လာကို လက်ထဲထည့်ပေးတာမဟုတ်ဘဲ ပစ္စည်းဝယ်ယူနိုင်မယ့် သီးသန့်စာရင်းတစ်ခု ဖွင့်ပေးထားပြီး ရောင်းချပေးထားတဲ့ ငွေပမာဏအတိုင်း ဝယ်ယူခွင့်ပေးထား တာသာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းကြီးတွေကို အမေရိကန်ဒေါ်လာရောင်းချပေးတာဟာ ဈေးနှုန်းတည်ငြိမ်လိုတဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ဒီနေ့ရောင်းချပေးတဲ့ နှုန်းထားအတိုင်းသာ ပုံမှန်ရောင်းချမယ်ဆိုရင် နောက်ပိုင်း မှာ ပြင်ပပေါက်ဈေးဟာ ဗဟိုဘဏ်ရောင်းဈေးထက် လျော့နည်းလာမှာ ဖြစ်တယ်လို့ ဒေါက်တာဝင်းမြင့် က ပြောပါတယ်။

အခုလအတွင်း ဒေါ်လာဈေး တဖြည်းဖြည်းမြင့်တက်မှုကြောင့် ပြည်တွင်းမှာ အောက်တိန်း Octane ဓါတ်ဆီ တစ်လီတာကို အရင် ၈၇၀ ကနေ ၉၂၀ အထိ မြင့်တက်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။