လွတ်လပ်သည့် ငွေကြေးဆိုင်ရာမူဝါဒ ချမှတ်ခွင့် ဗဟိုဘဏ်က စောင့်စားနေ

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ငွေကြေးဆိုင်ရာမူဝါဒကို လွတ်လွတ်လပ်လပ် ချမှတ်ကျင့်သုံးနိုင်ခွင့် ရရှိဖို့ အသင့်စောင့်စားနေကြောင်း ဗဟိုဘဏ် လက်ထောက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။

လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ရဲ့အဓိက လက္ခဏာတစ်ရပ်ဖြစ်တဲ့ အမှီအခိုကင်းတဲ့ ဗဟိုဘဏ် ပေါ်ပေါက်လာရေးဟာ ကမ္ဘာက မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှု ပိုရလာနိုင်စေတဲ့ နောက်ထပ်ခြေလှမ်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေး တည်ငြိမ်မှုရှိလာပြီဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စိတ်ချလက်ချ လာရောက်ကြမှာပါလို့ ဦးမောင်မောင်ဝင်းက အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။

အခုဆိုရင် ဗဟိုဘဏ် ဥပဒေသစ်မူကြမ်းဟာ ရှေ့နေချုပ်ရုံးကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ရှေ့နေချုပ်ရုံးက စစ်ဆေးသုံးသပ်ပြီး၊ နောက်တဆင့်အနေနဲ့ လွှတ်တော်ကို တင်ပြလို့ လွှတ်တော်က သဘောတူတယ်ဆိုရင် မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ သီးခြားကင်းလွတ်သွားပြီး၊ ငွေကြေးဆိုင်ရာ မူဝါဒကို လွတ်လွတ်လပ်လပ် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က ဘဏ်အတိုးနှုန်း အတင်အချ ဆုံးဖြတ်တဲ့ ငွေကြေးဆိုင်ရာ မူဝါဒကိုချမှတ်ပြီး၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကတော့ ပြည်တွင်းငွေကြေးတန်ဖိုး၊ ငွေလဲနှုန်း၊ အသုံးစရိတ် ဘတ်ဂျက် စတဲ့ ဘဏ္ဍာရေးမူဝါဒကို ဆောင်ရွက်ရပါတယ်။

စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဲဒီလို လုပ်ငန်းနှစ်ခုကို ခွဲခြားပြီး တစ်ခုကိုတစ်ခု အပြန်အလှန် ထိန်းကျောင်းတဲ့စနစ် ဖြစ်ဖို့လိုပါတယ်။ ဒီအတွက် ဗဟိုဘဏ်မှာ သီးခြားလွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေ ရှိဖို့လိုပါတယ်။

ဒါပေမဲ့ဒီကိစ္စဟာ နေ့ချင်း ညချင်း ဖြစ်လာမယ်လို့တော့ မျှော်လင့်လို့ မရကြောင်း၊ ဗဟိုဘဏ်မှာ အမှန်တကယ် ကျွမ်းကျင်နားလည်တဲ့ ဝန်ထမ်းတွေ အများအပြား လိုအပ်နေကြောင်း လက်ထောက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်း က ပြောပါတယ်။