ရွှေပြည်သာနဲ့အေးရိပ်ငြိမ် ရပ်ကွက်ကြားမှာရှိပြီး သန်းဖြိုးသူကုမ္ပဏီ လိမိတက်ပိုင် (၈)မီဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မယ့် ဒီစက်ရုံဟာ လူနေအိမ်တွေနဲ့ အနည်းငယ်သာ ဝေးပြီး၊ စက်ရုံထွက်ရှိတဲ့ ရေဆိုးရေညစ်တွေနဲ့ ပြာမှုန်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်ဆိုပြီး ဆန္ဒပြကန့်ကွက်သူတွေ ရှိသလို၊ စက်ရုံက လျှပ်စစ်ဓါတ်အားခ သက်သက်သာသာ နဲ့ ပေးမယ်ဆိုလို့ ထောက်ခံဆန္ဒထုတ်ဖော်မှုတွေ အရင်လအတွင်းက ဖြစ်ပေါ်ခဲ့ပါတယ်၊
ဒီလို၂ ဘက်အမြင်မတူ ဖြစ်နေတာကို အောက်တိုဘာလ(၂၀)ရက်နေ့ကမှ ဖွဲ့စည်းလိုက်တဲ့ (၈၈)မျိုးဆက် ကော့သောင်အဖွဲ့က အဖွဲ့ဝင်(၁၀)ဦးခန့်ကစက်ရုံကိုသွားရောက် လေ့လာပြီး ကော့သောင်း(၈၈) ဦးဆောင်သူ တဦးဖြစ်တဲ့ ဦးထင်လင်းဆွေက အခုလိုပြောပါတယ်။
“စက်ရုံနဲ့ ပတ်သက်တဲ့ သဘောထားက (၁) သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိတယ်ဆိုတဲ့ဟာက လောလောဆယ်မှာ လုံးဝမမှန်ကန်ပါဘူး၊ လူတွေ အတော်များများကို ပြောနေတဲ့အချက်က ရှေးယခင်တုန်းက စနစ်နဲ့ လုပ်ခဲ့တဲ့ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတွေရဲ့ ဆိုးကျိုးကိုသာ ပြောနေခြင်းဖြစ်တယ်၊ ဒီကနေ့ ဒီခေတ်မှီနည်းပညာနဲ့ လုပ်ထားတဲ့ ကော့သောင် ဓါတ်အားပေးစက်ရုံကတော့ ဒီလိုမျိုး ဆိုးကျိုးတွေ လုံးဝမရှိဘူးဆိုတာ ကျနော်တို့ ပြောရဲပါတယ်၊ နောက်တခုက လျှပ်စစ်ဓါတ်အား တယူနစ်ကို ကျပ်(၂၀၀) အထိလျှော့ချဖို့ ဆိုတဲ့ဟာက လပိုင်းအတောအတွင်းမှာပဲ ဖြစ်လာဖို့ ရှိတယ်ဆိုတာ ကျနော်တို့အနေနဲ့ ပြောလိုပါတယ်ခင်ဗျ”
ဒါပေမယ့် ဆန့်ကျင်ကန့်ကွက်သူတွေ ဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ဒီမိုကရက်ပါတီ စည်းရုံးရေးမှူး ဦးသန်းထွန်း ကတော့ ဒီစက်ရုံက ပြာမှုန့်ထွက်တယ်လို့ အခုလိုပြောပါတယ်။
“ပြာမှုန့်က တော်တော်လေးထွက်တယ် အပှုလှိုင်းထွက်တယ် ပြီးလို့ရှိရင် ကာဗွန်ထွက်တယ်၊ ချော်ရည်ပါ ကျနော်တို့တွေ့ရတယ်၊ အဲဒီပြာမှုန့်တွေကို ထိန်းသိမ်းတယ်လို့ သူပြောတဲ့ဟာ အဲဒီပြာမှုန့်တွေ သူထိန်းသိမ်းမတတ်တော့ ဒီပြာမှုန့်တခါ မီးပြန်လောင်နေတယ်၊ အဲဒီလိုမီးလောင်တာ ၂ကြိမ် ၃ကြိမ်ရှိသွားပြီ၊ စက်ရုံက ထုတ်လိုက်တဲ့ ညစ်ညမ်းပစ္စည်းတွေပေါ့ အားလုံးက ဒီပါချန်မြစ်ထဲ လွှတ်ထားတယ်၊ ကျောက်မီးသွေးမှာ ဘာပါသလဲဆိုတာ သူတို့နားလည်မှာ မဟုတ်ဘူး၊ ကျောက်မီးသွေးမှာ ပြဒါးပါမယ်၊ ခဲပါမယ်၊ ဆာလဖာဓါတ်ကနေထွက်လာတဲ့ ကိစ္စတွေနော် အဲဒီတော့ ဒီကာဗွန်မိုနောက်ဆိုက်ကနေ ထွက်လာမယ့်ဟာ အမျိုးပေါင်း (၂၀)ကျော်ပါတယ်”
ကျောက်မီးသွေးနဲ့လုပ်တဲ့ ကမ္ဘာပေါ်ကစက်ရုံ ဘယ်စက်ရုံမှမကောင်းကြောင်း၊ ကျောက်မီးသွေးက ထွက်တဲ့ ပြာမှုန့်ကို ကမ္ဘာပေါ်မှာ ဘယ်သူမှမထိန်းသိမ်းနိုင်သေးကြောင်း၊ ကျောက်မီးသွေးကထွက်တဲ့ ကာဗွန်ကြောင့် အသက်ရှု လမ်းကြောင်း ထိခိုက်နိုင်ကြောင်း ဒါကို သုတေသန ပြုလေ့လာထား တာပါလို့လည်းပြောပါတယ်။
“ဒီဖြင့် စက်ရုံတွေမှာ တွေ့သလို ဘွိုင်လာကနေထုတ်ပြီးတော့ တိုက်ရိုက်မီးခိုးပြောင်းကနေ ထုတ်တာမဟုတ်ဘူး၊ ဘွိုင်လာကထွက်လာတဲ့ မီးခိုးကို ကြားမှာ ကနော်တို့ filter လိုဟာမျိုး ပစ္စည်းတခု ခံထားတယ် အဲဒီပစ္စည်းကအကြီးကြီးပဲ ဒီကောင်က ESP စနစ်ပါတယ်၊ အီလတ်ထရိုစတတစ် ပီစီပီဒေတာဆိုတာ ဒီကောင်က လျှပ်စစ်နဲ မီးခိုးမှုတ်ကတည်းက ဒီအန္တရယ်ဖြစ်စေတဲ့စာတွေ စုပ်ယူလိုက်တာ စုတ်ယူလိုက်ပြီးတော့ ဒီကောင်က အသုံးချလို့ရတဲ့ ပစ္စည်း ပြန်ဖြစ်သွားတယ် အဲဒီအမှုန့်တွေက ကျနော်တို့ဘိလပ်မြေ အစားထိုးပစ္စည်းတခု ပြန်ဖြစ်သွားတယ်”လို့ စက်ရုံမန်နေဂျာ ဦးလှမော်က RFA ကိုအခုလို ရှင်းပြပါတယ်။
ဒါကြောင့် အန္တာရယ်ရှိတာတွေ လေထုထဲမထွက်ဘဲနဲ့ အပူငွေ့သာထွက်တယ်လို့ ပြောပါတယ်၊ ရေသုံးတဲ့စနစ် ကိုလည်းရေသန့်သုံးပြီး ပြန်လည်အသုံးပြု recycle စနစ်ကို အသုံးပြုတာပါလို့ ပြောပါတယ်။