၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ကျေးရွာ ၅ ခုကို ဒီကနေ့ စတင်စစ်ဆေး

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံးအဆင့် အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာ ၅ ရွာကို ဒီကနေ့ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။

အဲဒီလို စစ်ဆေးတဲ့ အခါမှာ တိကျမှန်ကန်ဖို့အတွက် လဝက၊ နစက၊ စစ်တပ်၊ ရဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုလိုစစ်ဆေးနေစဉ် ကာလအတွင်းမှာ ရိုဟင်ဂျာတွေအနေနဲ့ တစ်ရွာနဲ့တစ်ရွာ ကူးလူးသွားလာပြီး ရောထွေးမှုမရှိစေဖို့ လက်ရှိစစ်ဆေးနေတဲ့ ရွာတွေကို စစ်တပ်နဲ့ လုံခြုံရေးယူထားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဆိုပါတယ်။

နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း တရားမဝင် အခြေချနေထိုင်သူတွေကို ခွဲခြားသိနိုင်ဖို့အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စစ်တွေမြို့နယ်ကို ဆက်လက် စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလို စစ်ဆေးရာမှာ ရခိုင်ပြည်နယ်တွင်းက ဝန်ထမ်းတွေနဲ့ လုံလောက်မှု မရှိတဲ့အတွက် နေပြည်တော်က ဝန်ထမ်းတွေကိုပါ ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ဆေးနေမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00