ဓာတုပစ္စည်း စက်ရုံတွင် ပေါက်ကွဲမှုဖြစ်

မကွေးတိုင်း ချောက်မြို့နယ်အတွင်း စက်မှု ဝန်ကြီးဌာန လက်အောက်က အစွန်းချွတ် ဓာတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ (၆) ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မနေ့က မွန်းလွဲ (၁ ) နာရီလောက်က ချောက်မြို့နဲ့ (၃) မိုင်လောက်အကွာ ဇီးချိုပင်နဲ့ ရေတွင်းကျေးရွာ ကြားမှာရှိတဲ့ ဟိုက်ဒရိုဂျင် ပါရောက်ဆိုဒ် စက်ရုံမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ဟိုက်ဒရိုဂျင် ပါဝင်တဲ့ ဓာတုဖျော်ရည် သိုလှောင်ရုံရဲ့ ဒုတိယအဆင့်ကနေ အက်ဆစ်လို ဓာတုဖျော်ရည်တွေ ပန်းထွက်ခဲ့ရာက စတင် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် စက်ရုံ ပြူတင်းပေါက်တွေ ပျက်စီးသွားခဲ့ပြီး စက်ရုံ အရာရှိတစ်ဦး အပါအဝင် စက်ရုံ ဝန်ထမ်း (၅) ယောက်နဲ့ မီးသတ်သမား တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြည်တွင်းကလာတဲ့ သတင်းတစ်ရပ် အဆိုအရ ဒဏ်ရာရသူတွေ တချို့ဟာ ဓာတုဖျော်ရည် လောင်ကျွမ်းခံခဲ့ရပြီး ချောက်ဆေးရုံကို (၃)ယောက်၊ ကျောက်ပန်းတောင်း ဆေးရုံကို (၂) ယောက် ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တဲ့ စက်ရုံကို မီးငြိမ်း သတ်ခဲ့ရာမှာ ညနေ (၆) နာရီလောက်မှာ မီးငြိမ်း သွားခဲ့တယ်လို့ သိရပါတယ်။