ပြည်ခိုင်ဖြိုးပါတီပူးတွဲ ဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော်နာယက ဦးသူရရွှေမန်း ရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်း မိသားစုပိုင်တဲ့ ချယ်ရီ FM ရေဒီယိုအသံလွှင့်ဌာနကို မိမိသဘောဆန္ဒအလျောက် ပိတ်သိမ်းကြောင်း စာတင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားပေမယ့် ချယ်ရီဘက်က တရားဥပဒေကြောင်း အရသာ လုပ်ဆောင်သွားမယ်လို့ ချယ်ရီ FM က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ချယ်ရီ FM တာဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာနတို့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာ ချယ်ရီ FM က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမျိုးသက်နိုင်က ပြောပါတယ်။
"ပိတ်သိမ်းပေးဖို့ပေါ့နော် မိမိဆန္ဒသဘောအလျောက်ပေါ့နော် ဒီချယ်နယ်ကိုခေတ္တရပ်ဆိုင်းမှ ဆိုပြီးတော့ ထုတ်ပြန်ပေးဖို့တော့ သူတို့ဘက်က ညွှန်ကြားတယ်ခင်ဗျ၊ ဒါပေမယ့် ကျနော်တို့ကတော့ အဲ့ဒီလိုလုပ်သွားဖို့ မရှိပါဘူး၊ ကျနော်တို့အနေနဲ့ကျတော့လည်း တရားဥပဒေကြောင်းအရ ကျနော်တို့ကို အရေးယူမယ်ဆိုရင်လည်း တရားဥပဒေကြောင်းအရ လုပ်ပေါ့နော်၊ အရာအားလုံးကိုတော့ ကျနော်တို့ တရားဥပဒေဘောင်အတွင်းက ပဲ ဖြေရှင်းတာကိုပဲ ပိုပြီးတော့လိုလားပါတယ် အဓိကတော့ ဒါပါပဲ၊ ဝန်ကြီးဌာနဘက်က သဘောဆန္ဒအလျောက် ပိတ်သိမ်းခိုင်းတာပါပဲ"
ချယ်ရီ FM ထုတ်လွှင့်တာ ဒီနေ့ ခြောက်နှစ် ပြည့်မြောက်သွားပြီဖြစ်ပြီး၊ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ Iron Cross အဖွဲ့နဲ့ ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
ချယ်ရီ FM က ဦးမျိုးသက်နိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။
တဆက်တည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
