မောင်ထိပ်ကွက် အမှု ကြားနာစစ်ဆေးမှု ပြီးဆုံး

ဟင်္သာတမြို့က အလုပ်ရှင်ရဲ့ ညှဉ်းပန်း နှိပ်စက်မှုကို ခံခဲ့ရတဲ့ ကလေး အလုပ်သမား မောင်ထိပ်ကွက် ခေါ် မောင်စိုးထက်အောင်ရဲ့အမှုမှာ နှစ်ဘက် ကြားနာစစ်ဆေးမှုတွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့လကုန်က တရားရုံးတင် စစ်ဆေးခဲ့တဲ့ မောင်စိုးထက်အောင်ရဲ့အမှုမှာ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်သူ ဦးဆက်မူးဌေးဝင်း ကို ပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှု၊ ပုဒ်မ ၃၄၂ မတရား ချုပ်နှောင်မှု စတဲ့ ရာဇဝတ်မှု ပုဒ်မတွေနဲ့တရားစွဲဆိုထားပါတယ်။ နှစ်ဘက်ကြားနာစစ်ဆေးမှုတွေ ပြီးဆုံးပြီဖြစ်တဲ့အတွက် အမိန့်ချရန်သာ လိုတော့ကြောင်း မောင်စိုးထက်အောင်ရဲ့အမှုမှ ာလိုက်ပါ ဆောင်ရွက်နေတဲ့ ဥပဒေ အကျိုးဆောင် တရားလိုရှေ့နေ ဦးမောင်မောင်ကြည်ဝင်းက ရှင်းပြပါတယ်။ မောင်စိုးထက်အောင် ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က You and Me လဘက်ရည်ဆိုင် ပိုင်ရှင် ဦးဆက်မူးဌေးဝင်းနဲ့ဇနီး မစုမွန်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့ အတွက် မောင်စိုးထက်အောင်မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ဒီအမှုမှာ ပြစ်မူ ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း အထိ ကျခံရနိုင်ပါတယ်။ အခု တရားစွဲဆိုထားတဲ့ အမှုမှာ ဦးဆက်မူးဌေးဝင်း တစ်ဦးတည်းကိုသာ ဖမ်းဆီး အရေးယူထားပီး၊ အလိုတူ အလိုပါ ကျူးလွန်ခဲ့တဲ့ ဇနီးမစုမွန်ကို ဖမ်းဆီးအရေးယူခြင်း မရှိဘူးလို့သိရပါတယ်။ မောင်စိုးထက်အောင်ရဲ့ဘဝရှေ့ရေးနဲ့ ပတ်သက်ပီး ဟင်္သာတမြို့နယ် တာဝန်ရှိသူတွေ ဒီကနေ့အစည်းအဝေး တစ်ရပ် ခေါ်ယူခဲ့ကြောင်းကိုလည်း RFA က စုံစမ်းသိရှိရပါတယ်။ မောင်စိုးထက်အောင် ပြန်လည် ပညာသင်ကြားနိုင်ရေးနဲ့အုပ်ထိန်းသူထံ အပ်နှံနိုင်ရေး အဓိက ဆွေးနွေးတာ ဖြစ်တယ်လို့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုမှာ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်း အထိ ကျခံနိုင်စေကြောင်း၊ ဒီအတွက် သတ်မှတ်ချက်များ ရှိရာမှာ ရုပ်ဆင်းအင်္ဂါ ပျက်ဆီးတာ၊ ရက်ပေါင်း ၂၀ ဆေးရုံမှာ နေထိုင်ရတာ၊ အရိုးကျိုးပြီး မူလ အင်္ဂါရပ် ပျက်ဆီးတာ စသဖြင့် ဖြစ်ပေါ်ခဲ့ရင် ပုဒ်မ ၃၂၆ နဲ့ အပစ်ပေးနိုင်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။ မောင်စိုးထက်အောင်ရဲ့ မိဘတွေဟာ သူလသားအရွယ်ကတည်းက သေဆုံးသွားခဲ့ပြီး အဒေါ်ဖြစ်သူက ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဒေါ်ဖြစ်သူလည်း ကွယ်လွန်သွားတဲ့ အတွက် မောင်စိုးထက်အောင်ဟာ စောင့်ရှောက်သူ ကင်းမဲ့တဲ့ ဘဝကို ရောက်ရှိသွားခဲ့ပါတယ်။