ကလေးစစ်သားနဲ့ အဓမ္မခိုင်းစေမှု နည်းပါးလာသော်လည်း တိုင်ကြားမှု ရှိနေဆဲ

မြန်မာအစိုးရဟာ အဓမ္မလုပ်အား ယူခိုင်းစေတဲ့အလေ့နဲ့ ကလေးစစ်သား စုဆောင်းသုံးစွဲတဲ့အလေ့တွေ အမြန်လျော့ကျသွားအောင် အာဏာသုံးပြီး တားဆီးထားပုံရတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က မနေ့က ပြောဆိုပါတယ်။
2012-11-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
child_soldier_san_oo_305_z
ကလေးစစ်သားအဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရစဉ် ၂ဝဝ၆ ခုနှစ် နိုဝင်ဘာလက အသက် ၁၆ နှစ်မပြည့်သေးသော မောင် ဆန်းဦးအား ၂ဝဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က စစ်ဝတ်စုံဖြင့် သေနတ်ထမ်းပြီး ရိုက်ကူးထားသောပုံ
Photo: AFP

ပြီးခဲ့တဲ့ ဇွန်လက ကလေးစစ်သား စုဆောင်းမှု တားဆီးကာကွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ချိန်ကစလို့ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၄၂ ယောက် ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း၊ ဒီနှစ်စပိုင်းကနေ အခုထိ ကလေးစစ်သား ၄၆ ယောက် ပြန်လွှတ်ပေးလိုက်တဲ့အတွက် ဒီသဘောတူစာချုပ်ဟာ ထိထိရောက်ရောက် အလုပ်လုပ်နေပြီလို့ ဆိုရမှာဖြစ်ကြောင်းလည်း ILO က ပြောပါတယ်။

ဒါပေမဲ့ ကလေးစစ်သားနဲ့ အဓမ္မခိုင်းစေခံရတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ဒီနှစ် ဇွန်လ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁ ရက်နေ့အထိ တိုင်ကြားစာ ၁၅၈ စောင် ရရှိခဲ့ပြီး၊  မနှစ်က အလားတူကာလအတွင်း တိုင်ကြားစာ ၁၄၈ စောင် ILO က ရရှိခဲ့ပါတယ်။ ဒါကြောင့် ရလာဒ်ကောင်းတွေ ရရှိဖို့အစပျိုး နေပြီဖြစ်ပေမဲ့၊ အရင်က အကျင့်ဟောင်းတွေကတော့  ရှိနေတုန်းပဲ လို့ပြောနိုင်ကြောင်းလည်း ILO က ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွင်း အသက် ၁၈ နှစ်အောက် ကလေးစစ်သားအရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမဲ့၊ ထောင်နဲ့ချီပြီးရှိနေတယ်လို့ ယုံကြည်ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ILO ဟာ အဓမ္မ ခိုင်းစေမှု နဲ့ပတ်သက်တဲ့ ပညာပေး လက်ကမ်းစာရွက် တစ်သန်းကျော်ကို ဗမာစာအပါအ၀င် တိုင်းရင်းသားဘာသာ ၇ မျိုး နဲ့ ရိုက်နှိပ်ပြီး ဝေငှခဲ့ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်