ကလေးစစ်သားကိစ္စ အိုင်အယ်လ်အို တိုင်ကြား

စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု မပြည့်မီတဲ့ လူငယ်တစ်ဦး အပါအဝင် ကလေးစစ်သား ၃ ဦးကို မိဘတွေက စစ်တပ်တွင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတာကို ကူညီဆောင်ရွက်ပေးဖို့ ဒီကနေ့ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကို သွားရောက် အကူအညီ တောင်းခံခဲ့တယ်လို့ ကလေးတွေရဲ့ မိဘဆွေမျိုးတွေက ပြောကြပါတယ်။

မြင်းခြံမြို့၊ ၁၄ ရပ်ကွက်နေ မောင်အောင်အောင်(အဘ) ဦးမောင်သန်းဟာ မွေးရာပါ စိတ်ပိုင်း၊ ရုပ်ပိုင်း စွမ်းဆောင်မှု မပြည့်မီတဲ့ ကလေးတစ်ဦး ဖြစ်ပါတယ်။ သူ့ကို လူတစ်ဦးက ဖြားယောင်းပြီး စစ်တပ်ထဲကို ပို့ဆောင်ခဲ့ပါတယ်။ ရမည်းသင်း လေ့ကျင့်ရေးတပ်မှာ အခုရှိနေပါတယ်လို့ အုပ်ထိန်းသူဖြစ်တဲ့ ဦးပါစိန်က ပြောပြပါတယ်။

မိဘတွေ လိုက်လံစုံစမ်းချိန်မှာ မောင်အောင်အောင်ကို စစ်သားစုဆောင်းရေးက ကျန်းမာရေး မပြည့်မီလို့ လက်မခံပဲ ပယ်ထားပြီးသားဖြစ်ပေမယ့် လေ့ကျင့်ရေးကျောင်းကို ရောက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

နောက်ထပ် ကလေးစစ်သားတွေဖြစ်တဲ့ မောင်နိုင်ဦးလွင်(အဘ) ဦးအောင်စိုး တောင်ဥက္ကလာနဲ့ မောင်ဇော်မျိုးဦး(အဘ) ဦးဝင်းနိုင် ညောင်ရွှေတို့လည်း လောလောဆယ် စစ်တပ်ထဲမှာ ရှိနေပါတယ်။

သူတို့ အားလုံး မိဘရပ်ထံ ပြန်နိုင်ရေး၊ HRDP အဖွဲ့က ကူညီဆောင်ရွက်ပေးနေတဲ့ ဦးမောင်မောင်လေးက "အဓိက ကတော့ ကလေးနှစ်ယောက်က အသက်လုံးဝ မပြည့်သေးဘူးပေါ့။ အဲဒီအတွက် တပ်မတော်ကနေ နှုတ်ထွက်ဖို့ ကိစ္စပေါ့နော်။ ကလေးတွေ ကိုယ်တိုင်ကလည်း တပ်ထဲကို ဝင်ချင်လို့ ဝင်သွားတာ မဟုတ်ဘူး။ ဖြားယောင်းသွေးဆောင် သိမ်းသွင်းပြီး တပ်ထဲရောက်သွားတာ၊ နောက် ကလေးတစ်ယောက် ဖြစ်တဲ့ မောင်မောင်အောင်ကတော့ မွေးရာပါ စိတ်ပိုင်း၊ရုပ်ပိုင်း စွမ်းဆောင်မှု မပြည့်မီတဲ့ ကလေးပေါ့။ အသက်ကတော့ ၂၀ ပြည့်ပြီးပါပြီ။ ဖြားယောင်းသွေးဆောင်ပြီး ခေါ်သွားတယ်။ အဲတာ တပ်ကနေ ပြန်နှုတ်ထွက်ခွင့် ရဖို့အတွက် ဒီကိစ္စတွေကို ILO ကို ကျွန်တော်တို့ တိုင်ချက်ဖွင့်ပေးထားပါတယ်" လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှု ရပ်တန့်ဖို့နဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာအောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရက ကတိ ပေးထားပေမယ့်လည်း အခုအချိန်အထိ ကလေးစစ်သား စုဆောင်းတာတွေ ဆက်လက် ဖြစ်ပေါ်နေစဲပဲလို့ HRDP ဦးမောင်မောင်လေးက ပြောသွားပါတယ်။