ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည်

မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား ၄၂ ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ရှေ့မှောက်မှာ ကလေးစစ်သားတွေကို အပ်နှံမှာဖြစ်ပြီး အလုပ်အကိုင်ရရှိရေး အပါအဝင် ရှေ့ရေးကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး စီမံကိန်းအရာရှိ ဦးချစ်တင်က RFA ကို အတည်ပြု ပြောကြားပါတယ်။

"အခုလာမဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ကလေး ၄၂ ယောက်ကို ကုလသမဂ္ဂအထူးအဖွဲ့၊ သူတို့ဆီအပ်မှာ။ UNICEF ကအပ်မှာ၊ ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးတော့။ ကျန်တဲ့ ILO ၊ UN အဖွဲ့ဝင် အသီးသီးကအပ်မှာ။ အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။ ကျွန်တော်တို့ အားလုံးရှေ့မှာ လွှတ်ပေးမယ်။ လွှတ်ပေးပြီးလို့ရှိရင် လူမှုဖူလုံရေး အဖွဲ့ကနေပြီးတော့ ကလေးတွေကို ကြည့်ရှုစောင့်ရှောက် ထားပေးမယ်။ မိဘတွေနဲ့ နောက်တရက် တွေ့ပေးမယ်။ ပြီးလို့ရှိရင် သူတို့မူလဘဝ ပြန်လည်ပေါင်းစည်းရေးကို UNICEF တို့ ခုနက အလုပ်အခွင့်အလမ်း၊ ILO တို့က ဝိုင်းဝန်းကူညီ ပေးကြမယ်"

ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ဟာ အသက် ၁၈ နှစ်မပြည့်ခင် တပ်မတော်သားအဖြစ် စုဆောင်းခံရသူတွေကို ကလေးစစ်သားအဖြစ် သတ်မှတ်ထားပြီး ကလေးစစ်သားတွေရှိတဲ့ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေက အကြီးဆုံး တာဝန်ရှိသူတွေ ကို စစ်စည်းကမ်း ဥပဒေအရ တရားစွဲ အရေးယူဖို့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ မေလအတွင်း အမိန့်စာ ထုတ်ပြန်ခဲ့တယ်လို့ ဦးချစ်တင်က ပြောပါတယ်။

တပ်မတော်နဲ့ အိုင်အယ်အို တာဝန်ရှိသူတွေဟာ လာမည့် ၂၀၁၅ ခုနှစ်မတိုင်မီ ကလေးစစ်သားနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေးကိစ္စကို သဘောတူ လက်မှတ်ရေးထိုး ထားတဲ့အတွက် နောင်မှာလည်း စစ်တပ်ထဲမှာ ကျန်နေသေးတဲ့ ကလေးစစ်သားတွေကို မိသားစုထံ ထပ်မံ အပ်နှံသွားဖို့ ရှိကြောင်း သိရပါတယ်။

၂၀၀၇ ခုနှစ်ကနေ အခုအချိန်ထိ ကလေးစစ်သား ၅၀၀ ကျော်ကို တပ်မတော်ကနေ ပြန်လည် နှုတ်ထွက်ခွင့် ပေးထားပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတချို့ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။