ကလေးစစ်သား မိဘထံ ပြန်ရောက်

ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ ဘိုကလေးမြို့နယ်က မောင်မြတ်မင်းသက်ကို သက်ဆိုင်ရာ စစ်တပ် တာဝန်ရှိသူတွေက မိဘထံ ပြန်လည် လွဲပြောင်း ပေးအပ်လိုက်တဲ့ အတွက် မနေ့က မိဘနဲ့အတူ အိမ်ကို ပြန်လည် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။

ဖခင်ဖြစ်သူ ဦးမြင့်ဝင်း ကိုယ်တိုင် ရွှေညောင်မြို့မှာရှိတဲ့ အမှတ် ၂၂၂ ထောက်ပန့်ရေးတပ်မှာ သွားရောက် ခေါ်ယူခဲ့ရတယ်လို့သိရပါတယ်။ ထောက်ပန့်ရေးတပ် တာဝန်ရှိတဲ့ အရာရှိ ကိုယ်တိုင် တပ်ထွက် စာရွက်စာတမ်းတွေနဲ့အတူ ၂၀ ရက်နေ့က မိဘထံ ပြန်လည် အပ်နှံလိုက်ကြောင်း ဖခင်ဖြစ်သူ ဦးမြင့်ဝင်းက ပြောပြပါတယ်။ ၂၀၀၉ ခုနှစ် အတွင်းက မောင်မြတ်မင်းသစ်ကို မိဘတွေက ပြန်လည် ခေါ်ယူလိုကြောင်း အိုင်အယ်အို အလုပ်သမားအဖွဲ့ချုပ် ညှိနှိုင်းရေးမှုးထံ တိုင်ကြား အကူအညီ တောင်းခံခဲ့ပါတယ်။ ဘိုကလေး မြို့နယ်က ကလေး စစ်သားအဖြစ် စုဆောင်းခံရသူ ၆ ဦးအတွက် အိုင်အယ်အိုကို ဝင်ရောက် ညှိနိုင်းပေးဖို့အကူအညီ တောင်းခံခဲ့ရာမှာ စစ်တပ်နဲ့ညှိနှိုင်းပြီး ၅ ဦး ပြန်လည် လွတ်မြောက်ခဲ့တယ်လို့ လိုက်ပါ ကူညီ ဆောင်ရွက်ပေးသူ HRDP အဖွဲ့ဝင် ဦးစောဘန်ကူး က ပြောပါတယ်။ ၆ ဦးထဲက ပြန်လည် လွတ်မြောက်လာဖို့ကျန်ရှိနေသေးတဲ့ ကလေး စစ်သားကတော့ အသက် ၁၇ နှစ်အရွယ်ရှိ မောင်အောင်ကိုလတ် ဖြစ်ကြောင်း သိရပါတယ်။ မိခင်ဖြစ်သူ ဒေါ်တင်စိန်မှ သားကို ပြန်လည်ရရှိလိုကြောင်း တင်ပြ တောင်းခံထားတယ်လို့လည်း သိရပါတယ်။