ကျောင်းဖွင့်ရာသီ ကျောင်းမတက်နိုင်တဲ့ ကလေးသူငယ် များလာ

ဇွန်လ ၁ ရက်နေ့မှာ ဖွင့်မယ့် မြန်မာနိုင်ငံတဝှမ်းက အခြေခံပညာ ကျောင်းတွေမှာ မနေ့က စပြီး ကျောင်းသား လက်ခံနေပေမယ့် ဆင်းရဲချို့တဲ့မှုကြောင့် ကလေးအတော်များများ ကျောင်းမအပ်နိုင်ကြဘူးလို့ စုံစမ်း သိရပါတယ်။

0:00 / 0:00

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့- ယူနီဆက်ရဲ့ မြန်မာကလေးများ ပညာရေး အကြောင်း လက်တလော သုံးသပ်ချက်ထဲမှာကတော့ မြန်မာနိုင်ငံမှာ မူလတန်းကျောင်းကို လာအပ်တဲ့ အရေအတွက် များလာပေမယ့် အဲဒီထဲက ကလေးတဝက်လောက်သာ မူလတန်းပညာရေးကို ပြီးမြောက်ကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အထက်တန်းပညာရေး မပြီးမြောက်ဘဲ ကျောင်းထွက်တဲ့ ကလေး အရေအတွက်လည်း ပိုများလာတယ်လို့ ဆိုပါတယ်။

ဒီလို မြန်မာကလေးတွေ ကျောင်းနေရမယ့် အရွယ်မှာ ကျောင်းမနေနိုင်တာဟာ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပြီး ကလေးတွေဟာ မိသားစု စားဝတ်နေရေးကို ကူညီဖြေရှင်းဖို့ စာသင်ခန်းက ထွက်ပြီး အလုပ် လုပ်နေရတယ်လို့ ယူနီဆက်က သုံးသပ်ထားပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ဆင်းရဲလို့ကျောင်းမနေနိုင်တဲ့ ကလေးတွေ များလာတယ်ဆိုတာကို ဝန်ခံ ပြောကြားခဲ့ပြီး အဲဒီကလေးတွေကို စာရင်းကောက်ပြီး ကျောင်းထားပေးမယ်လို့ ပြောပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးနဲ့ လူဝင်မ ှုကြီးကြပ်ရေးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦး ကတော့ ကျောင်းသားတွေ ကျောင်းမတက်နိုင်တာဟာ ကျောင်းလခနဲ့ အပိုကြေးတွေ ကောက်ခံနေတဲ့ ကျောင်းတွေကြောင့်လို့ ပြစ်တင်ပြောဆိုလိုက်ပြီး အပိုကြေးကောက်တဲ့ ကျောင်းတွေကို တိုင်ကြားရင် အရေးယူမယ်လို့ ပြောကြားထားပါတယ်။

ဒီအကြောင်းတွေကို RFA ဝိုင်းတော်သူ မမေစောမြင့်က စုစည်းတင်ပြထားတာကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။