ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက် သန်းပေါင်း တစ်သောင်းခွဲဝေပေးဖို့ တင်ပြ

ချင်းပြည်နယ် မြို့ပြတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကို လာမယ့် ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်းပေါင်း တစ်သောင်း ခွဲဝေချထားပေးဖို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ဒေါ်နီရွှေလျန်း က တင်ပြခဲ့ပါတယ်။

စည်ပင်သာယာရေးအဖွဲ့ဟာ ပြည်နယ်အဆင့်ဖြစ်တဲ့အတွက် ပြည်ထောင်စုဘဏ္ဍာငွေကနေ တိုက်ရိုက်ချထားပေး လို့မရကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာ ပြန်လည်တင်ပြခဲ့ ပါတယ်။

"စည်ပင်သာယာရေးအဖွဲ့ဟာ ပြည်နယ်အဆင့်အဖွဲ့အစည်းဖြစ်တဲ့အတွက် စည်ပင်သာယာရေးအဖွဲ့ရဲ့ အသုံးစရိတ် ကို ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေကနေ တိုက်ရိုက်ခွဲဝေချထားလို့ မရပါ၊ ချင်းပြည်နယ် ဘဏ္ဍာငွေထဲကသာ ကျခံသုံးစွဲရမည်ဖြစ်ပြီး လိုငွေကို ပြည်ထောင်စုက ထောက်ပံ့ပေးရမှာဖြစ်ပါတယ်" လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဘတ်ဂျက်ချထားပေးတဲ့ အစီအစဉ်ကို ရှင်းပြခဲ့ပါတယ်။

ချင်းပြည်နယ်အစိုးရရဲ့ ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲတင်ပြရာမှာ ထည့်သွင်းနိုင်ပြီး ပြည်ထောင်စုအဆင့်က စိစစ်ချထားပေးမှာဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။

ချင်းပြည်နယ် ဘဏ္ဍာရန်ပုံငွေစာရင်းမှာ ငွေလုံးငွေရင်း အသုံးစရိတ်အနေနဲ့ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွက် ၁၀၂ ဒသမ ၅၃ ဘီလီယံ လျာထားကြောင်းလည်း တင်ပြခဲ့ပါတယ်။