လေးရက်ကြာ ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက် ၁၃ ခု ရရှိ


2013.11.15

ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပလျက်ရှိတဲ့ ချင်းအမျိူးသားညီလာခံမှာ အမျိူးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ချက်ချင်းပြုလုပ်ရေးနဲ့ လာမယ့်နှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ လူမျိူးဆိုတဲ့နေရာမှာ ချင်းလို့သာ ထည့်သွင်းရန်ဆိုတဲ့ အချက်တွေအပါအဝင် ဘုံသဘောတူညီချက် ၁၃ ချက် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၂ ကနေ ၁၅ ရက်နေ့အထိ ၄ ရက်တာကျင်းပပြုလုပ်တဲ့ ချင်းအမျိူးသားညီလာခံမှာ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ် ၅၀၀ ကျော်ကို အဖွဲ့ ၁၀ ဖွဲ့ခွဲပြီး ညီလာခံကနေချမှတ်ထားတဲ့ ကဏ္ဍအလိုက် ဆွေးနွေးစေပြီး ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အခုလို အချက် (၁၃) ပါဝင်တဲ့ ဘုံသဘောတူညီချက်ကို ရရှိခဲ့တာလို့ ညီလာခံကျင်းပရေး ကော်မတီမှပြောခွင့်ရသူ ဒေါက်တာရွှေခါးက RFA ကိုပြောပါတယ်။

“ ပထမကတော့ လာမယ့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ မူဘောင်တွေ၊ ပါရမယ့်ဟာတွေ ချမှတ်နိုင်တယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ရေးနဲ့ ပတ်သက်လို့ ချင်းတွေရဲ့သဘောထားကို ထုတ်ပြန်နိုင်တယ်၊ စီးပွားရေးဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့လည်း ကျနော်တို့ရဲ့ရပ်တည်ချက်ကို လုပ်နိုင်တယ်၊ မြေယာနဲ့ သဘာဝရင်းမြစ်ကိစ္စ၊ ပြီးတော့ ချင်းလူမျိူးများ ၅၃ မျိူးနွယ်စုဆိုတဲ့ကိစ္စ၊ ပညာရေးကိစ္စ၊ ဒုက္ခသည်ကိစ္စ ကျားမတန်းတူရေးကိစ္စလည်းပါပါတယ်၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကိစ္စလည်းပါတယ်၊ ပြီးတော့ အခုညီလာခံကို ကျနော်တို့က ဒုတိယအကြိမ် ချင်းအမျိူးသားညီလာခံအနေနဲ့ အသိမှတ်ပြုတာလည်းပါပါတယ်၊ ဒီဟာကြီးတစ်ခုလုံးကို အကောင်ထည်ဖော်ဖို့အတွက် ပူးပေါင်းပေးမယ့် Body တစ်ခုကိုလည်း ကျနော်တို့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်’’

ဒါ့အပြင် ချင်းမျိူးနွယ်စုတွေရဲ့ ဓလေ့ထုံးထမ်းဥပဒေတွေကို စုစည်းမှတ်တမ်းတင်ပြီး ဓလေ့ထုံးထမ်းဥပဒေစာအုပ်အဖြစ် ထုတ်ဝေရန်၊ ချင်းပြည်နယ်နဲ့ ချင်းလူမျိူးများအတွက် နိုင်ငံတော်အစိုးရက စီးပွားရေး၊ လူမှုရေး အဆောက်အအုံများကို မဟာဗျူကျကျ ကောင်းမွန်လုံလောက်စွာ အကောင်ထည်ဖော်ဆောင်ရွက်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ်သို့ဦးတည်ပြီး ပြင်ဆင်ပြဌာန်းရန ်စတဲ့အချက်တွေပါဝင်တဲ့ ကြေညာချက်ကိုလည်း ဒီကနေ့ ညီလာခံကနေ ထုတ်ပြန်လိုက်ပါတယ်။

အခု အောင်မြင်စွာကျင်းပပြီးဆုံးသွားတဲ့ ညီလာခံဟာ ချင်းတိုင်းရင်းသားသမိုင်းမှာ ဒုတိယအကြိမ် မြောက်ကျင်းပနိုင်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် ညီလာခံကိုတော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။