၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည်ဖြစ်စေ၊ အသစ်ပြန်လည်ရေးဆွဲသည်ဖြစ်စေ ပင်လုံဆိုတဲ့ ပေတံနဲ့ တိုင်းတာရမှာဖြစ်တယ်လို့ ချင်းအမျိူးသားတပ်ဦးရဲ့ အဓိပတိကောင်စီ အလှည့်ကျဥက္ကဋ္ဌ ပူးဆလိုင်း ကစ်ခိုးလျန်က ပြောဆိုလိုက်ပါတယ်။
ဟားခါးမြို့ ကာဆင်ခန်းမဆောင်မှာ ဒီနေ့ကျင်းပတဲ့ ချင်းအမျိူးသားညီလာခံ ဒုတိယမြောက်နေ့ အဖွင့်မိန့်ခွန်းမှာ ဆလိုင်းကစ်ခိုးလျန်က အခုလို ပြောဆိုခဲ့တာပါ။
" အခု ပြင်ဆင်ရေးနဲ့ အသစ်ပြန်လည်ရေးဆွဲရေးဆိုတဲ့ အယူအဆနှစ်ရပ် အငြင်းပွားနေကြတယ်၊ ပြင်ချင်တဲ့လူလည်း ပြင်ကြ၊ အသစ်ရေးဆွဲချင်တဲ့လူလည်း ရေးကြပါ၊ ဘယ်လိုပဲလုပ်လုပ် ကျနော်တို့ ပင်လုံနဲ့ပဲ တိုင်းတာမှာပဲ၊ ပင်လုံဆိုတဲ့ ပေတံနဲ့ ပြည်သူတွေက တိုင်းတာမှာဖြစ်တယ်၊ ပင်လုံစိတ်ဓာတ် ဘယ်လောက်ပါသလဲ၊ ပင်လုံရဲ့ဝိညာဉ်တွေ အဲဒီထဲမှာဘယ်လောက်ရှိနေသလဲ၊ တန်းတူမှုတွေ၊ လွတ်လပ်မှုတွေ ဘယ်လောက်ရှိမလဲ၊ အဲအပေါ်မှာ သူတို့တိုင်းတာမှာပါ "
ဒါ့အပြင် မြန်မာနိုင်ငံဟာ ပင်လုံနဲ့လမ်းခွဲခဲ့လို့ အခုလိုပြည်တွင်းစစ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ငြိမ်းချမ်းရေးစာချူပ်တွေ ဘယ်လောက်ပဲချူပ်ချူပ်၊ အပစ်အခတ်ရပ်စဲမှုတွေ ဘယ်လိုဘဲလုပ်လုပ် ပင်လုံစိတ်ဓာတ်၊ ပင်လုံဝိညာဉ်တွေ ပြန်လည်မဖော်ထုတ်မချင်းတော့ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မှာမဟုတ်ဘူးလို့ ဆလိုင်းကစ်ခိုးလျန်က ပြောပါတယ်။
ဟားခါးမြို့မှာ နိုဝင်ဘာ ၁၂ ကနေ ၁၅ ရက်နေ့အထိ ၄ ရက်တာကျင်းပလျက်ရှိတဲ့ ချင်းအမျိူးသားညီလာခံ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို အဖွဲ့ ၁၀ ဖွဲ့ ခွဲပြီး ညီလာခံကချမှတ်ထားတဲ့ အဓိကဆွေးနွေးရမယ့် အချက် ၁၀ ချက်ကို စတင်ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအဓိက ၁၀ ချက်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကိစ္စများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စများ၊ မြေယာနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲမှုကိစ္စများ၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကိစ္စ၊ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်၊ ချင်းမျိူးနွယ်စု ၅၃ မျိူးအရေးကိစ္စ စတဲ့ကိစ္စရပ်တွေ ပါဝင်ပါတယ်။