အမေရိကန် ပြည်ထောင်စု တင်နယ်စီပြည်နယ် နက်စဘေးမြို့မှာလည်း ချင်းအမျိုးသားနေ့ ကျင်းပခဲ့ကြောင်း ဆလိုင်းလန်းအောင်က ပြောပြပါတယ်။ " ချင်းတိုင်းရင်းသားမျိုးစုံနဲ့ မြို့တော်ဝန်ကို ဖိတ်ကြားပါတယ်၊ ပျော်ပွဲရွှင်ပွဲတွေ၊ ချင်းတိုင်းရင်းသား တစ်မျိုးမှာ အကတစ်မျိုးစီနဲ့ အဆိုအကတွေ ပါပါတယ်၊ ရိုးရာ အစားအသောက်မျိုးစုံနဲ့ ဧည့်ခံပါတယ် ” တင်နက်စီပြည်နယ်က ချင်းအမျိုးသားနေ့ပွဲကို လူ ၄၀၀ ကျော်လောက် တက်ရောက်ကြောင်း သိရပါတယ်။ ချင်းတိုင်းရင်းသားတွေ အနေနဲ့ ချင်းအမျိုးသားနေ့အဖြစ် ကျင်းပလိုကြပေမယ့် မြန်မာနိုင်ငံအတွင်း အစိုးရက ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ပြုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ရဲ့ အတွင်းရေးမှူး ဆလိုင်းဇင်ကျုံးက အခုလို မှတ်ချက်ပြုပါတယ်။ " ချင်းအမျိုးသားနေ့ဟာ ချင်းတိုင်းရင်းသားတွေရဲ့ ဂုဏ်အင်လက္ခဏာကို ဖေါ်ပြတဲ့ အမှတ်သင်္ကေၤတ ဆိုရင်မမှားပါဘူး၊ အမျိုးသား တစ်ရပ်ဖြစ်တာနဲ့ အညီ အမျိုးသားနေ့ ရှိတယ်ဆိုတာကိုလည်း ချင်းတမျိုးသားလုံးက ခံယူထားပါတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရော တကမ္ဘာလုံးမှာပါ လွတ်လွတ်လပ်လပ် ကျင်းပချင်ပါတယ်၊ ဒါပေမဲ့ ပြည်တွင်းမှာ အစိုးရ အဆက်ဆက်က ချင်းပြည်နယ်နေ့အဖြစ်နဲ့သာ အစားထိုး ကျင်းပခွင့်ပေးတာဟာ မသင့်တော်ဘူးလို့ ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ် ” ချင်းအမျိုးသားနေ့ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပရောက် ချင်းတိုင်းရင်းသားတွေက နောက်ရက်တွေမှာလည်း ဆက်လက် ကျင်းပသွားဖို့ရှိကြောင်း သိရပါတယ်။