ချင်းပြည်နယ်မှာ ချင်းပါတီတွေ အစိုးရဖွဲ့စည်း အုပ်ချုပ်နိုင်ရေး ဆွေးနွေး

0:00 / 0:00

လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအပြီး မှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ချင်းပြည်နယ်မှာ အစိုးရတာဝန်မယူသင့်တော့ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ် က ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင် ခဲ့တာမရှိတဲ့အတွက် တာဝန်မထမ်းဆောင်သင့်တော့ ဘူးလို့ ဦးဇိုဇမ်က RFA ရဲ့ မေးမြန်းချက်ကို ဖြေကြား ခဲ့တာဖြစ်ပါတယ်။

"အခုချင်းပြည်နယ်မှာ အစိုးရအနေနဲ့ တာဝန်ယူ ထားတဲ့အဖွဲ့တွေ ပါတီပေါ့နော် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ကတော့ သူတို့ဆက်လက်ပြီးတော့ မလုပ်သင့်တော့ဘူးလို့ ကျနော် အဲ့လိုပဲပြတ်ပြတ် သားသား သူတို့ကိုအကြံပြုချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၅ နှစ်တာကာလမှာ လုပ်သင့်လုပ်ထိုက် တဲ့ကိစ္စတွေ တော်တော်များများ သူတို့မလုပ်နိုင်ခဲ့ဘူး၊ ပြည်ထောင်စုအစိုးရအနေနဲ့ ချပြထားတဲ့ ဘတ်ဂျက်ငွေတွေတောင်မှ သေသေချာချာ မကိုင်တွယ်နိုင်တဲ့ အခြေအနေမှာလည်းရှိတယ်၊ ဖွံ့ဖြိုးတိုးတက် မှုနောက်ကျတာကလည်းပဲ ဒီဘတ်ဂျက်ကိုကိုင်ခွင့်ရှိတဲ့ စီစဉ်ညွှန်ကြားနိုင်တဲ့ အခြေအနေရထားတဲ့ အဖွဲ့ အစည်းအပေါ်မှာ အများကြီးမူတည်တယ်"

ရန်ကုန်မြို့ Summit Parkview Hotel မှာ ချင်းအမျိုးသားနိုင်ငံရေးပါတီ ၁ဝ ပါတီဟာ လာမယ့် ၂ဝ၁၅ ရွေးကောက် ပွဲအပြီးမှာ ချင်းပါတီတွေနဲ့ ချင်းပြည်နယ်အစိုးရ ဖွဲ့နိုင်ရေးအတွက် ဘယ်လိုကြိုးပမ်းရမလဲ ဆိုတာကို ဆွေးနွေးနေ ကြတာဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ချင်းပါတီတွေအားလုံး အတူတကွပူးပေါင်း ဆောင်ရွက် သွားဖို့ကို အဓိကထားဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်ကို RFA သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။