၂ဝ၁၅ ခုနှစ်တုန်းက ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်စိုကျေးရွာကနေ လောင်းတင်ရွာကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အိမ်ထောင်စု ၆၂ ခုဟာ ဧပြီ ၂ဝ ရက်နေ့က ပြိုင်စိုကျေးရွာကို ပြန်လည်ရွှေ့ပြောင်းသွားပြီလို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
အဲဒီလို ပြန်လည်ရောက်ရှိလာတဲ့ အိမ်ထောင်စုတစ်စုစီအတွက် ကျပ် ၃၅ သိန်း တန်ဖိုးရှိတဲ့ အိမ်တွေကို ချင်းပြည်နယ်အစိုးရအဖွဲ့က ဆောက်လုပ်ပေးထားတယ်လို့ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
"ဒါက လွန်ခဲ့တဲ့ ၈ လလောက်ကတည်းက ကျနော်ရော ဝန်ကြီးချုပ်ရော သွားတွေ့တုန်းက သူတို့က ပြိုင်စိုကျေးရွာကို ပြန်သွားချင်ပါတယ်ဆိုပြီးတော့ ပြောတဲ့အခါကျတော့ ကျနော်တို့က ပြည်နယ်အစိုးရ အနေနဲ့ အိမ် ၁ လုံးစီ ဆောက်ပေးတယ်။ တစ်အိမ်ကို ၃၅ သိန်းစီတန်တဲ့ အိမ်တစ်လုံးစီ ဆောက်ပေးတယ်။ မတ်လထဲမှာ အကုန်အိမ်တွေ ဆောက်ပြီးပြီ။ သူတို့ နဂိုရွာကို ပြန်သွားတဲ့အခါမှာ ၂ဝ၁၅ ကတည်းက ၂ နှစ်ကျော်ကြာတဲ့အခါကျတော့ ရွာကလည်း အစစအရာရာ ပြန်လုပ်ဖို့လိုလာပြီလေ"
အဲဒီ စစ်ဘေးဒုက္ခသည် ၆၂ အိမ်ထောင်စုမှာ လူဦးရေ ၃ဝဝ ကျော်ရှိပြီး သူတို့ စားဝတ်နေရေးအတွက် တစ်အိမ်ထောင်ကို ကျပ် ၃ သိန်းစီ ထောက်ပံ့ထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ ရွာမှာလိုအပ်တဲ့ စာသင်ကျောင်းနဲ့ ကျန်းမာရေးဆေးပေးခန်းတွေကို ပြန်ဆောက်ပေးထား ပြီး လောင်းတင်ရွာကနေ ပြိုင်စိုရွာကို လမ်းဖောက်ပေးထားတယ်လို့လည်း ပြောပါတယ်။
အဲဒီကူညီထောက်ပံ့မှုတွေအတွက် ကျပ်သိန်းပေါင်း ၂၄ဝဝ ကျော် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ၂ဝ၁၅ ခုနှစ် ဧပြီလမှာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။
