ချင်းတိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အလားအလာကောင်းနေပြီး သူတို့အနိုင်ရခဲ့ရင် ချင်းပြည်နယ်အတွင်း အဓိက လိုအပ်နေတဲ့ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေကို ဦးစားပေး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ခုလို ပြောပါတယ်။
“ကျနော်တို့ ဝင်ပြိုင်မဲ့နေရာက နည်းနည်း နည်းတဲ့အခါကျတော့ ဒီလောက်ကြီး အခက်အခဲ မရှိလှပါဘူး၊ အလားအလာ ကောင်းပါတယ်လို့ပဲ ပြောရမှာပဲ၊ ကျနော်တို့ ရည်မှန်းထားချက်ကတော့ အဓိကအားဖြင့် ဒီ လမ်းပန်းဆက်သွယ်ရေးကို အဓိကထားပြီးတော့ လုပ်ကြဖို့ ဘာလဲဆိုတော့ အဓိကလိုအပ်ချက်က ချင်းပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးကလေ ဥပမာပြောရရင် ချင်းပြည်နယ် တခုတည်းမှာ လေယာဉ်ကွင်းတကွင်းမှ မရှိဘူး၊ လမ်းပန်းဆက်သွယ်ရေးဆိုတော့လည်း ကတ္တရာလမ်း ဖောက်တာ မရှိဘူး ၁၂ ရာသီကို ပြောတာပေါ့ ဆိုတော့ လမ်းပန်းဆက်သွယ်ရေးကို ကျနော်တို့အခြေခံထားပြီးတော့ စလှုပ်ရှားမယ်၊ နောက်ပြီးတော့ ကျန်းမာရေးတို့ ပညာရေးတို့ နောက်က လိုက်ရမှာပေါ့နော်။”
ချင်းပြည်နယ်အတွင်းက ၉ မြို့နယ်နဲ့ တခြား ၂ မြို့နယ် အပါအဝင် ၁၁ မြို့နယ်လုံးကနေ ဝင်ရောက် ယှဉ်ပြိုင်မဲ့ အမတ်လောင်းစာရင်းကို ပြီးခဲ့တဲ့ ၂၃ ရက်နေ့ တနင်္လာနေ့က ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ပြီးဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ အရွေးခံမဲ့သူတွေကိုလည်း လျာထားပြီး ဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးနိုထန်ကတ်က ပြောပါတယ်။
လာမဲ့ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ချင်းတိုးတက်ရေးပါတီအပြင်၊ ချင်းအမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်အတွင်း ပါတီစည်းရုံးရေး ခရီးစဉ်တွေမှာ သွားရေးလာရေးကလွဲပြီး တခြားအခက်အခဲ သိပ်မရှိဘူး အနှောင့်အယှက်လည်း နည်းပါတယ်လို့ ဥက္ကဋ္ဌ ဦးနိုထန်ကတ်က ဆက်ပြောပြပါတယ်။
