တရုတ်သံအမတ်ကြီးနဲ့ ကချင် ဝန်ကြီးချုပ် မြစ်ကြီးနား မှာ တွေ့ဆုံဆွေးနွေး


2014.04.09
china-ambassador-kachin-305.jpg တရုတ်နိုင်သံအမတ်ကြီး Mr Yang Houlan နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းတို့ကို မြစ်ကြီးနားမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဧပြီလ ၉ ရက်နေ့က တွေ့ဆုံကြစဉ်
photo: Kyaw Myo Min/RFA

တရုတ်-မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး ရောင်း ဝယ်ဖေါက်ကားတာတွေနဲ့ တရားမဝင် သစ်မှောင်ခို လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Yang Houlan နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းတို့ ဟာ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက အစည်းအဝေးအပြီးမှာ အခုလိုပြောပြပါတယ်။

"မူးယစ်ဆေးဝါးကိစ္စတွေ၊ သစ်မှောင်ခိုကိစ္စတွေ ဒါတွေရှိတယ်၊ ဒါတွေကို တည်ငြိမ်အေးချမ်းမှ ဝိုင်းပြီးကြိုးပမ်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ပြော ကြတာပါ၊ တည်ငြိမ်အေးချမ်းမှု မရှိတဲ့ အတွက်ကြောင့်ဖြစ်ရတယ်၊ တည်ငြိမ်အေးချမ်းမှုက အရေးကြီးတယ်ဆိုတဲ့ကိစ္စတွေ ဆွေးနွေးဖြစ်ပါတယ်၊ အဓိကကတော့ ကချင်ပြည်နယ်ရဲ့ တည်ငြိမ်းအေးချမ်းမှုကိစ္စကို သူတို့လည်း ဝိုင်းဆောင်ရွက်ပေးနေတယ်၊ ကျနော်တို့လည်း ကြိုးစားနေတယ်၊ သူတို့လိုအပ်တာတွေ ဝိုင်းပြီးတော့ ကူညီဆောင်ရွက်ပေးမယ်လို့ပြော ပါတယ်၊ တည်ငြိမ်အေးချမ်းမယ်ဆိုရင်တော့ သူတို့ရဲ့ တရုပ်နိုင်ငံက ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေ ခေါ်လာ ခဲ့မယ်လို့ ဆွေနွေးခဲ့ပါတယ်"

တရုတ်သံအမတ်ကြီးနဲ့အတူ မြစ်ကြီးနားမှာ ရုံးဖွင့်လှစ်ထားတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CPI ရုံးက ဝန်ထမ်းတစ်ချို့လည်း လိုက်ပါခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ မြစ်ကြီးနားနဲ့ မိုင်သုံးဆယ်လောက်ဝေးတဲ့ မြစ်ဆုံနားအနီးမှာ  CPI ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်ထဲကို သွားရောက်လေ့လာဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။