ဒုက္ခသည်တွေကို ကူညီဖို့ ကချင်ရိုးရာကော်မတီအဖွဲ့ လိုင်ဇာမြို့ကို ရောက်

စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ ကချင်လူထုကို အကူအညီပေးရေး အတွက် တရုပ်ပြည်မှာ နေထိုင်တဲ့ ကချင်ရိုးရာ ကော်မတီအဖွဲ့ဝင်တွေ မနေ့က ညပိုင်းက KIO ဌာနချုပ် လိုင်ဇာမြို့ကို ရောက်ရှိတယ်လာလို့ သိရပါတယ်။

0:00 / 0:00

အဖွဲ့ဝင် သုံးဦး ပါဝင်တဲ့ ကချင်ရိုးရာ အဖွဲ့ဝင်တွေဟာ တရုပ်ပြည်က မြို့သုံးမြို့ ကိုယ်စားပြု ကချင် အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ KIO အရာရှိတဦးက ပြောပါတယ်။ ဒီအဖွဲ့အနေနဲ့ တရုပ်-မြန်မာနယ်စပ်ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေနဲ့ လိုင်ဇာမြို့ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေးအတွက် KIO က ဖွဲ့စည်းထားတဲ့ ဒုက္ခသည် ကူညီရေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လောလောဆယ် လိုင်ဇာမြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည် စုစုပေါင်း ၅ ထောင်ကျော် ရှိပြီး နယ်စပ် ဖြတ်ကျော်ပြီး တရုပ်ပြည်ဘက်ကို သွားရောက်သူ ဒုက္ခသည် သောင်းဂဏန်းထိ ရှိတယ်လို့ KIO အဖွဲ့က ခန့်မှန်ထားပါတယ်။

ဒီအတောအတွင်း အစိုးရသတင်းစာတွေက ငြိမ်းချမ်းရေးအတွက် တံခါး ဖွင့်ထားပါတယ်လို့ ရေးသားလိုက်ပါတယ်။ ဒါပေမယ့် KIO အနေနဲ့ကတော့ အစိုးရရဲ့ ရှေ့စကား နောက်စကား မညီညွတ်တာတွေကြောင့် မယုံကြည်ရဲဘူးလို့ ဆိုပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။