တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းအပေါ် မြန်မာပြည်သူတွေ ဆန့်ကျင်ကန့်ကွက် လာကြတာဟာ မြန်မာပြည်တွင်းက အစွန်းရောက်အုပ်စုတွေ ရဲ့ အချိန်ကိုက် လှုပ်ရှားမှုတွေကြောင့် ဖြစ်တယ်လို့ The Sturdy Times တရုတ်သတင်း စာက မနေ့ကဖေါ်ပြလိုက်ပါတယ်။
The Sturdy Times သတင်းစာဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်တွေ ကို လေ့ကျင့်ပေးနေတဲ့ ဗဟိုပါတီကျောင်းက ထုတ်ဝေတဲ့ သတင်းစာဖြစ် ပါတယ်။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NGO အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ ဖိအားပေး ခံနေရသလိုပြည်တွင်း မီဒီယာတချို့ရဲ့ အစွန်းရောက် ရေးသားတာတွေကြောင့် တရုတ် - မြန်မာနှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မယ့် စီမံကိန်းတွေ အကြီးအကျယ် ထိခိုက်သွားရတယ် လို့ သတင်းစာက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ဧရာဝတီ မြစ်ဆုံဒေသစီမံကိန်းများ လေ့လာသုံးသပ်ရေး ကော်မရှင် က မြစ်ဆုံဒေသကို သွားရောက်လေ့လာခဲ့ပြီး မကြာခင်မှာပဲ တရုတ်ကွန်မြူနစ်ပါတီ သတင်းစာ တစ်စောင်က အခုလို ရေးသားလိုက်တာပါ။
အလားတူ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်း သတင်းစာမှာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်ဟာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ ဆိုင်ရာ ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ပြောဆိုခဲ့သလို သားရွှေအိုးထမ်းလာတာမြင်သလိုမျိုး ဖြစ်ပါလိမ့်မယ် ဆိုတာလို မဟုတ်ဘဲ၊ ဘာရွှေမှရလာမှာ မဟုတ်ကြောင်းရေး သားထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖေါ်ပြခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားက မြန်မာအပေါ် ကျန်ရှိနေတဲ့ ပိတ်ဆို့ အရေးယူ ထားတာတွေ ပြန်ရုပ်ပေးမယ် ဆိုတာကလည်း အကုန်ရုပ်သိမ်းမှာမဟုတ်ဘဲ၊ မုန့်တလှည့်၊ ကြိမ်လုံးတလှည့် မူဝါဒသာဖြစ်ကြောင်းရေးသားထား ပါတယ်။
