မြန်မာနိုင်ငံမြောက်ပိုင်း အစိုးရတပ် နဲ့ကိုးကန့်တပ်ဖွဲ့တွေ ကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေမှာ တရုတ်ဒေသ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း တရုတ်အစိုးရက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနခွဲ ညွှန်ကြားရေးမှူးချုပ် ကောင်းရွှမ်ယောက် က တရုတ်နိုင်ငံ ပိုင် ဆင်ဝှာသတင်းဌာနကို တနင်္ဂနွေနေ့ က ပြောကြားခဲ့ တာဖြစ်ပါတယ်။
ကိုးကန့်တပ်တွေ နဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တရုတ်ကြေးစား စစ်သားတွေ ပါဝင်နေတယ်လို့ မြန်မာ့ တပ်မတော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သလို၊ တရုတ်အစိုးရ ရဲ့ပါဝင်ပတ်သက်မှု မရှိသော်ငြားလည်း၊ ဒေသအာဏာပိုင်တွေ ပါဝင် ပတ်သက်နေနိုင်တယ် ဆိုတဲ့ ကောလာဟလတွေ ပေါ် ထွက်နေကြောင်း၊ မြန်မာဖက်ခြမ်းက ပဋိပက္ခမှာ ဘယ်တရုတ်ဒေသအာဏာပိုင်မှ ပါဝင်ပတ်သက်မှုမရှိကြောင်း၊ တရုတ်ပြည်အနေ နဲ့တခြားနိုင်ငံတွေရဲ့ပြည် တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူ အတိုင်း အမြဲကျင့်သုံးနေသလို၊ တရုတ် မြန်မာ ဆက်ဆံရေး နဲ့နယ်စပ်ဒေသ တည်ငြိမ်ရေး ပျက်ပြားစေမယ့် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ တရုတ် ပိုင်နက်ကို အသုံးပြုခွင့်ပေးမှာမဟုတ်ကြောင်း အာရှရေးရာဌာနခွဲ ညွှန်ကြားရေးမှူးချုပ် ကောင်းရွှမ်ယောက် က ပြောဆိုတယ်လို့ အင်္ဂလိပ်ဘာသာ နဲ့ထုတ်ဝေတဲ့ တရုတ် အစိုးရအာဘော် Global Times သတင်းစာ က ဖေါ်ပြပါတယ်။
