လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တောင် သူ ဒေါ်ခင်ဝင်း အသတ်ခံရတဲ့ဖြစ်ရပ်အတွက် တရုတ် သံရုံးရှေ့ချီတက်ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်း သားဟောင်း ဦးဘမြင့်နဲ့ ဒေါ်စမ်းစမ်းဝင်း (ခေါ်) ဒေါ်လေးလေး တို့ကို ခွင့်ပြုချက်မဲ့ စီတန်းလှည့် လည်မှု ပုဒ်မ (၁၈) နဲ့ မနေ့က ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်ပါတယ်။
ဦးဘမြင့်ဟာ ဇန်နဝါရီလ ၁ ရက်နေ့က ဆူးလေဘုရား ကနေ တရုတ်သံရုံးထိ ချီတက်တဲ့အခါ၊ ဖြတ်သန်းရာ လမ်းတစ်လျောက်၊ မြို့နယ် ၆ ခု ရဲ့ ရဲတပ်ဖွဲ့တွေက တရားစွဲပြီး၊ ဒီနေ့မှာ လသာမြို့နယ်က ထောင်ဒဏ်ချမှတ် လိုက်တာလို့ သူတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကိုဌေးအောင်က RFA ကို ပြောပါတယ်။
"နှစ်ယောက်ခင်ဗျ၊ ဦးဘမြင့်က လက်ပံတောင်းဒေသမှာ ဒေါ်ခင်ဝင်းကို လုံထိန်းတွေက ပစ်သတ်ခဲ့တဲ့ကိစ္စကို မကျေနပ်တဲ့အတွက် တရုတ်သံရုံး အရှေ့ကိုသွားပြီး ဆန္ဒထုတ်ဖော်တာပေါ့နော်၊ ကျနော်တို့မကျေနပ်ဘူး၊ ဝမ်ပေါင်ကုမ္ပဏီ ဒီကထွက်သွားပါ၊ အဲ့ဒါကို သွားပြောတာပေါ့နော်၊ မြို့နယ် ၆ မြို့နယ်က ဦးဘမြင့်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်၊ ဒီနေ့ လသာမြို့နယ်က ပထမဆုံးအမိန့်ချတာပေါ့နော်၊ ဒီနေ့ချက်ချင်းပဲ အင်းစိန်ထောင်ကို ပို့လိုက်တယ်ခင်ဗျ၊ မလေးလေးက တရုတ်သံရုံးမှာ ၂၉ ရက်နေ့က ကျနော်တို့၊ နော်အုန်းလှတို့၊ ကိုနော်မျိုးဇင် တို့နဲ့အတူပေါ့နော် ဆန္ဒပြတယ်၊ လသာမြို့နယ်ကိုဖြတ်လာလို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ တစ်လအချခံရတယ်၊ တစ်ခုထူးခြားမှုရှိတာက ပုဒ်မ ၁၈ ရဲ့ သဘောသဘာဝက ပြဌာန်းဥပဒေမှာ ငွေဒဏ်ကိုသော်၎င်း၊ ထောင် ဒဏ်ကိုသော်၎င်းပါတယ်၊ ဒီတရားရုံးကအမိန့်ချတဲ့အခါမှာ ထူးခြားမှုတစ်ခုက အဲဒီ့ငွေဒဏ်အကြောင်း မပါလာဘူးဗျ၊ ယနေ့တရားစီရင်ရေးမဏ္ဍိုင်ကြီးက ယိမ်းယိုင်နေတယ်၊ ဦးဘမြင့်တို့ ဒေါ်လေးလေးတို့ကို အပြစ်ရှိပါတယ်ဆိုပြီး အမိန့်ချလိုက်တာကလည်း တစ်ဖက်သတ်အဖွဲ့အစည်းတစ်ခုရဲ့ ဖိအားကြောင့်လို့ ကျနော်တို့မြင်ပါတယ်"
ဒါ့အပြင် ဦးဘမြင့်ဟာ ထိုင်းနိုင်ငံ ကော့တောင်းကျွန်း လူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားတဲ့ မြန်မာ လူငယ်နှစ်ယောက်ကိစ္စကို တရားသဖြင့်ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကိုဆန္ဒပြခဲ့လို့ တရားစွဲခံထားရတဲ့အမှုအတွက် ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးကို ထွက်လာရမယ်လို့သိရပါတယ်။
ဦးဘမြင့်ဟာ ၁၉၉၀ လွန်နှစ်တွေက အလုံမြို့နယ် NLD ဥက္ကဌအနေနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရသလို၊ ၂၀၀၀ ပြည့်လွန်ကာလတွေမှာလဲ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရဖူးပါတယ်။ ပြန်လွတ်လာပြီးနောက်ပိုင်းမှာလဲ နော်အုန်းလှ၊ ကိုနေမျိုးဇင်တို့နဲ့အတူ မိချောင်းကန်ရပ်ကွက်သားတွေရဲ့ သပိတ်အပါအဝင် အလုပ်သမား၊ လယ်သမားအရေးတွေကို ဒီမိုကရေစီအင်အားစုဆိုတဲ့အမည်နဲ့ တောက်လျှောက်ဆောင်ရွက်နေသူဖြစ်ပါတယ်။
အခုချိန်မှာ ဦးဘမြင့်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားတဲ့ အမှုပေါင်း ၁၈ မှုလောက်ရှိနေတယ်လို့ သိရပါတယ်။
