တရုတ်ဝန်ကြီး မြန်မာနဲ့နယ်စပ် ကြည့်ရှု

တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ်ကို တနင်္လာနေ့ က ရောက်ရှိခဲ့ပြီး၊ ဒေသအာဏာပိုင်တွေနဲ့ နယ်စပ် လုံခြုံ ရေးကိစ္စ၊ ဒေသခံတရုတ်လူမျိုးတွေရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ ပါတယ်။

တရုတ် ပြန်မာနယ်စပ်မှာ ကိုးကန့်အဖွဲ့နဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း မြန်မာ တိုက်လေယာဉ်တစ်စီးက ချလိုက်တဲ့ ဗုံးတစ်လုံး တရုတ်ပြည်ပိုင်နက်ထဲ ကျရောက်ခဲ့လို့ ဒေသခံတရုတ် လူမျိုး ငါးဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီးတဲ့နောက် အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီး ယူနန်ပြည်နယ်ကို ရောက်ရှိလာခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဒေသဆိုင်ရာအဆင့်မြင့်အရာရှိတွေဟာ လက်ရှိအခြေအနေတွေအပေါ် သဘောထား အမြင် ဖလှယ်ခဲ့ကြပြီး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ တရုတ် မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံဆောင်ရွက်ရေးနည်းလမ်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ က ပြောဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

တရုတ်ပြည်ပိုင်နက်အတွင်း ဗုံးကျပေါက်ကွဲပြီး သေကြေဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့အပြီး၊ တရုတ်အစိုးရက မြန်မာနဲ့ နယ်စပ်တလျှောက် စစ်တပ်အင်အား တိုးချဲ့ချထားလိုက်ပြီး၊ တရုတ်တိုက်လေယယာဉ်တွေကိုလည်း နယ်စပ်ဖက် ကို စေလွှတ်ထားပါတယ်။ တရုတ်ပိုင်နက်အနီး ချဉ်းကပ်လာတဲ့ မြန်မာတိုက်လေယာဉ်တွေကို စောင့်ကြည့်၊ သတိပေး၊ မောင်းထုတ်ဖို့ တရုတ်တိုက်လေယာဉ်တွေ နယ်စပ်ကိုစေလွှတ်ထားကြောင်း တရုတ်လေတပ်ပြော ခွင့်ရသူက ပြောဆိုပါတယ်။