တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျောက်မျက် ပြပွဲမှာ မြန်မာနိုင်ငံ နယ်စပ်ဒေသ က ကျောက်စိမ်းကုန်သည်တွေ အများအပြား ပါဝင်ပြသနေကြတယ်လို့ သိရပါတယ်။
အဲဒီ ကျောက်မျက်ပြပွဲကို ကူမင်းမြို့ကိုးမောက်လု လမ်းရှိ နိုင်ငံတကာ ကုန်စည်ပြပွဲ ခန်းမကြီးမှာ ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ကနေ စတင်ပြီးတော့ ၁၇ ရက်နေ့ထိ ဖွင့်လှစ်ပြသတာဖြစ်ပါတယ်။
ဒီပြပွဲမှာ တရုတ်နိုင်ငံက ကုန်သည်တွေအပြင် တရုတ်မြန်မာ နယ်စပ်ရှိ တရွှေလီ၊ ကျယ်ဂေါင်က ကျောက်ကုန်သည်တွေအများအပြား ပါဝင်ပြသကြတဲ့အကြောင်း အဲဒီပြပွဲမှာ ပါဝင်ပြသနေတဲ့ မြန်မာနိုင်ငံသားကျောက်ကုန်သည်တစ်ယောက်က ပြောပါတယ်။
"ဗမာပြည်က အယောက် ၂၀၀ ကျော်လောက်လာတယ် ရွှေလီနယ်စပ်ဘက်က လာတာ အချောထည်ရော အရိုင်းရောပေါ့ ။ဟိုမှာ ဝယ်ရောင်းလုပ်ရင်း ဒီမှာ လာရောင်းကြတာ လုပ်တာက လေးငါးနှစ်လောက်ရှိပြီ ရောင်းရတယ် ရောင်းရတယ်ဆိုပြီးတော့ လူတွေ က များများလာကြတာ အရင်တုံးက အဲဒီလောက်မများဘူး။ ကျောက်စိမ်းပေါ့ အရိုင်းတုံးနဲ့ အချောထည် နောက် လက်ကောက်ပေါ့"
ဒီပြပွဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်က ထွက်တဲ့ ကျောက်စိမ်းတွေကို အဓိက ပြသကြတာတွေရပြီး သီရိလင်္ကာနဲ့ ထိုင်ဝမ် နိုင်ငံဘက်က ကုန်သည်တွေလဲ လာရောက်ပြသကြတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ကျောက်မျက်ပြပွဲတွေကို ယူနန်ပြည်နယ် ကူမင်းမြို့မှာ သာမက ပီကင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး စတဲ့ မြို့ကြီးအတော်များများမှာ လစဉ်လိုလို ကျင်းပတာဖြစ်ပြီး များသောအားဖြင့် မြန်မာနိုင်ငံက ကျောက်စိမ်းတွေကို ပြသကြတာဖြစ်တယ်လို့ အဲဒီပြပွဲတွေ မှာ လိုက်လံပြသ ရောင်းချနေတဲ့ မြန်မာကျောက်ကုန်သည်တွေက ပြောကြပါတယ်။