တရုတ် ဒုသမ္မတ လီယောင်ချောင်းနဲ့ မြန်မာ ဒုသမ္မတ ဦးဉာဏ်ထွန်းတို့ ဘေကျင်းမြို့မှာ မနေ့က တွေ့ဆုံခဲ့ ကြပါတယ်။
ဒုသမ္မတ ဦးဉာဏ်ထွန်းဟာ ၂ဝ၁၄ တရုတ် အာဆီယံ ယဉ်ကျေးမှုဖလှယ်ရေးနှစ် အခမ်းအနားဖွင့်ပွဲကို တနင်္လာနေ့က တက်ရောက်ခဲ့ပြီး၊ အင်္ဂါနေ့မှာ တရုတ် ဒုသမ္မတနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲသလို တွေ့ဆုံခဲ့ရာမှာ တရုတ် ဒုသမ္မတ လီယောင်ချောင်းက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အစဉ်အလာ နက်နက်ရှိုင်းရှိုင်းရှိခဲ့တဲ့ တရုတ်နဲ့ မြန်မာ ဟာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် လိုက်လျော ကူညီမှု၊ နိုင်ငံရေးအရ ခိုင်မာအားကောင်းတဲ့ အပြန်အလှန်ယုံကြည်မှုတွေ ရှိသင့်ကြကြောင်း၊ ဒါမှသာ နှစ်နိုင်ငံကြား လက်တွေ့ကျတဲ့ မဟာဗျုဟာမြောက် အတူပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အားကောင်းလာမှာ ဖြစ်ကြောင်း၊ တရုတ်ပြည်နဲ့ ကမ္ဘာအရပ်ရပ်ကို ကုန်းလမ်း၊ ရေလမ်းတွေနဲ့ ဆက်သွယ်ခဲ့တဲ့ ပိုးလမ်းမရယ်လို့ သမိုင်းမှာထင်ရှားခဲ့သလို၊ အခုလည်း ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီး တည်ဆောက်ရေးမှာလည်း မြန်မာနဲ့အတူ အရှိန်မြှင့်ဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒုသမ္မတ ဦးဉာဏ်ထွန်းကလည်း အလှည့်ကျ အာဆီယံဥက္ကဌ တာဝန်ယူခဲ့တဲ့ မြန်မာနိုင်ငံအပေါ် အထူးဝါယမ စိုက်ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဥပကာရတင်ရှိပါကြောင်း၊ မြန်မာနဲ့ တရုတ်၊ တရုတ်နဲ့ အာဆီယံ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးပမ်းလိုပါကြောင်း ပြောကြားခဲ့ပါတယ်။