တရုတ်-မြန်မာ ဆက်ဆံရေး မဟာဗျူဟာအဖြစ် ကြည့်သင့်

တရုတ်နဲ့ မြန်မာ တို့ဟာ မိမိတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာ ရှုထောင့်ကနေ ကြည့်မြင်သင့်တယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖင် က ပြောကြားလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည် ကိုရောက်ရှိနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ အဖွဲ့နဲ့ မနေ့ က တွေ့ဆုံရာမှာ တရုတ်သမ္မတ က အခုလိုပြောကြား လိုက်တာပါ။

တရုတ်နဲ့ မြန်မာ ဆက်ဆံရေး သက်တမ်း ၆၅ နှစ်ကျော် ကောင်းမွန်နေတာ ရဲ့နောက်ကွယ်က အခြေခံအကြောင်းရင်း ကတော့ မိမိတို့ဟာ တစ်ဦးရဲ့ မဏ္ဍိုင် အကျိုးစီးပွားတွေနဲ့ အဓိက ပူပန်သောကတွေ အပေါ် အစဉ်သဖြင့် လေးစားသမှုရှိတာ၊ အချက်အခြာ ကျတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း တစ်ဦးကို တစ်ဦးနားလည်မှုအပြည့်နဲ့ ပံ့ပိုးကူညီပေးကြတာတွေကြောင့် ဖြစ်ပါတယ်၊ မိမိတို့နှစ်နိုင်ငံဟာ တစ်ဦိးရဲ့လိုအပ်ချက်ကို တစ်ဦး က ဖြည့်ဆည်းပေး ကြတဲ့၊ အင်မတန်လိုက်ဖက်တဲ့ နိုင်ငံတွေဖြစ်ကြပြီး၊ အတူပူးပေါင်းလုပ်ကိုင်တာကနေ ကြီးမား တဲ့အလား အလာကောင်းတွေရှိနေပါတယ်၊ ဒီလို ဆက်ဆံရေး ကို ရေရှည် မဟာဗျူဟာအမြင်နဲ့ ကြည့်ပြီး၊ နယ်စပ် တလျောက် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း၊ နှစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ပြည်သူတွေ အကျိုးဖြစ်ထွန်းမယ့် မူဝါ ဒတွေချမှတ် အကောင်အထည်ဖေါ်သင့်ပါတယ်လို့ တရုတ်သမ္မတ က ပြောပါတယ်။

သူရဦးရွှေမန်းကလည်း မြန်မာနိုင်ငံကို တရုတ်ပြည်က ကာလကြာရှည် အကူအညီပေးခဲ့တာတွေအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း၊ တရုတ်ပြည်နဲ့ နယ်ပယ်စုံမှာ အတူပူးပေါင်းဆောင်ရွက်ဖို့လည်း ဆုံးဖြတ်ထားပါကြောင်း ပြောဆိုခဲ့တယ်လို့ China Daily သတင်းကဖေါ်ပြပါတယ်။

တရုတ် မြန်မာနယ်စပ်ဒေသမှာ အစိုးရတပ်နဲ့ ကိုးကန့်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အစိုးရတပ်ဘက်က အကျအဆုံး အထိအခိုက်များပြားနေချိန်မှာ သူရဦးရွှေမန်းနဲ့ အဖွဲ့ တရုတ်ပြည်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ဟာ တရုတ်ပြည်ခရီးစဉ်အပြီး ဧပြီလ ၂၉ ရက်နေ့မှာ အမေရိ ကန် ပြည်ထောင်စုကို ရောက်ရှိမယ်လို့ သိရပါတယ်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ လာရောက်မှာဖြစ်ပါတယ်။ အဲဒီခရီးစဉ် အတွင်း အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ၂၀၁၅ ရွေးကောက်ပွဲ၊ အခြေခံဥပဒေပြင်ဆင်ရေးစတဲ့ ကိစ္စတွေ ဆွေးနွေးဖွယ်ရှိပြီး၊ အမေရိကန် အစိုးရ၊ လွှတ်တော် အပြင်၊ တခြားအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ရှိကြောင်း သိရပါတယ်။