ဂျပန် ဒုဝန်ကြီးချုပ် တာရိုအာဆိုရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာ့အကြွေးတွေလျှော်ပစ်တာ၊ နောက်ထပ် ငွေကြေးအကူအညီတွေ အမြောက်အများ ထပ်ပေးတာတွေဟာ တရုတ်ကို ပစ်မှတ်ထားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ကြောင်း၊ ဒါ့ပြင် ဒီလအတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး AK Antony မြန်မာပြည်ကိုသွားမယ့် ခရီးစဉ်ဟာလည်း တရုတ်ရဲ့မဟာဗျူဟာ လမ်းကြောင်းတွေကို ဖက်ပြိုင်ဖို့ဖြစ်ကြောင်း Global Times သတင်းစာမှာပါဝင်တဲ့ ဆောင်းပါးတစ်စောင်က ရေးသားထားပါတယ်။
ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေးတွေ တဖြည်းဖြည်းအားကောင်းလာနေတယ်လို့ လေ့လာသူတွေကဆိုကြောင်း၊ ဒါဟာလေးနက်ခိုင်ခန့်တဲ့ တရုတ်မြန်မာ ဆက်ဆံရေးကို လျှော့တွက်လိုက်တာဖြစ်ကြောင်း၊ တရုတ်ပြည်ဟာ မြန်မာရဲ့အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ၊ ဒုတိယအကြီးဆုံး စီးပွားဘက် ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။