NLD ဗဟိုအလုပ်အမှုဆောင်တွေ တရုတ်ပြည် သွားမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ လာမယ့်သီတင်းပတ်အတွင်း တရုတ်ပြည်ကို လေ့လာရေးခရီး သွားရောက်ကြမယ်လို့ သတင်းရရှိပါတယ်။

ပါတီနှစ်ခု ချစ်ကြည်ရင်းနှီးဖို့ရည်ရွယ်ပြီး ဒီခရီးစဉ်ကို စေလွှတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က RFA ကို ပြောပါတယ်။

"ဘယ်သူနဲ့တွေ့မယ် ဘာညာကတော့ မသိပါဘူးခင်ဗျာ၊ သူတို့ဖိတ်စာမှာကတော့ တရုပ်ပြည်သူ့သမ္မတနိုင်ငံက ကွန်မြူနစ်ပါတီကနေ ဖိတ်ပါတယ်၊ ချစ်ကြည်ရင်းနှီးဖို့ဆိုပြီးတော့ ဖိတ်ပါတယ်"
ဒီခရီးစဉ်ကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညီပုဦးဆောင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအပါအဝင် အဖွဲ့ဝင် ၁၂ ဦးက သွားရောက်မှာဖြစ်ပြီး၊
ဒီခရီးစဉ်ဟာ မေလ ၈ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ၁၀ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ်တို့ကိုလည်း တရုတ်အစိုးရ ကွန်မြူနစ်ပါတီကဖိတ်ခေါ်ပြီး ပါတီအကြီးအကဲတွေနဲ့ ပြီးခဲ့တဲ့ဧပြီလထဲမှာ တွေ့ဆုံခဲ့ပါသေးတယ်။