အမှုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က မြန်မာစစ်သားနှစ်ဦး နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး အသက် ၅၃ နှစ်အရွယ်ရှိ လဖိုင် ဇော်လွန်း အမည်ရှိ တရုတ်နိုင်ငံဘက်မှာ နေထိုင်သူ ကချင်တိုင်းရင်းသား တစ်ဦးကို ပစ်သတ်ခဲ့တာပါ။
လဖိုင် ဇော်လွန်းဟာ တရုတ်နိုင်ငံသားဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမှုများတာကြောင့် ဒီကိစ္စမှာ တရုတ်အစိုးရက အရေးမယူချင်လှပေမယ့် ပြည်သူအများက မကျေမနပ်ဖြစ်ပြီး ဖိအားပေးလာတာကြောင့် အခုလို တိုင်ကြားတာဖြစ်မယ်လို့ ထင်မြင်ကြောင်း ပထမဆုံး သတင်းထုတ်ဖော်ပေးခဲ့သူ ကချင်သတင်းစဉ်မှ ကိုနော်ဒင်က အာအက်ဖ်အေကို ပြောပြပါတယ်။
တရုတ်အစိုးရက တိုင်ကြားရာမှာ အမှန်တရားကို ထုတ်ဖေါ်ပေးဖို့၊ အပြစ်ရှိသူကို အရေးယူပေးဖို့နဲ့ ကျန်ရစ်သူ မိသားစုကို နစ်နာကြေးပေးဖို့ တောင်းဆိုချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် တိုင်ကြားတဲ့အထိ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ် သတင်းမီဒီယာတွေကတော့ တစ်လုံးတစ်ပါဒမှ ရေးသားဖော်ပြခြင်း မရှိဘူးလို့ သိရပါတယ်။
ခုလို တရုတ်နိုင်ငံသား ကချင်တိုင်းရင်းသားကို သတ်ဖြတ်တာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ် နိုင်ငံထဲကို ရိက္ခာရှာဖွေဖို့ နယ်ကျွံလာတဲ့ မြန်မာအစိုးရ စစ်သားနှစ်ဦးကို ဒေသခံ ရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးပြီး တရုတ်အာဏာပိုင်တွေလက်ထဲ အပ်နှံခဲ့တဲ့အတွက် လက်စားချေတာ ဖြစ်နိုင်ကြောင်း ကချင်သတင်းစဉ်က ဆိုပါတယ်။
