တရုတ်ဝန်ထမ်း ၄၀ ကချင်အစိုးရ ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်-ဆဒုံး-ကန်ပိုက်တီလမ်း ပြုပြင်နေချိန်အတွင်း မြန်မာနိုင်ငံမှာ နေထိုင်နိုင်ဖို့အတွက် တရုတ်နိုင်ငံ ထိန်ချုံးကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသား အယောက် ၄၀ ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုမိန့်နဲ့ သုံးလသက်တမ်း နေထိုင်ခွင့်လက်မှတ် Yellow Card(YC) ကို ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အဲဒီကုမ္ပဏီရဲ့ မြစ်ကြီးနား-ထိန်ချုံးကားလမ်း ပြုပြင်ရေးအဖွဲ့ဟာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကုမ္ပဏီဝန်ထမ်းတွေကို သုံးလနေထိုင်ခွင့် Yellow Card ကို အခမဲ့ထုတ်ပေးမှာဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရဲ့ ဦးစီးမှူး ဦးဝင်းလွင်က RFA ကို ဒီကနေ့ အတည်ပြုပြောပါတယ်။

“ကျွန်တော်တို့ လဝကအနေနဲ့ ထိန်ချုံး-မြစ်ကြီးနား ကားလမ်းဖောက်လုပ်ရေးအဖွဲ့ကနေပြီးတော့ ဝါရှောင်၊ ဆဒုံး၊ ကန်ပိုက်တီးလမ်း ပြုပြင်ဖို့အတွက်ကို တရုတ်နိုင်ငံသား ၄၀ ကို Yellow Card ကဒ်ထုတ်ပေးမှာဖြစ်ပါတယ်၊ နောက်ပြီးတော့ သူတို့ဆီမှာပါလာမယ့် မြေတူးစက် ၃ စီး၊ မြေကော်စက် ၆ စီး၊ မြေစာတင်ယာဉ် ၁၄ စီး၊ လုပ်ငန်းသုံးယာဉ် ၁၄ စီးကိုလည်း ကျွန်တော်တို့ရဲ့ လဝက လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ပြီးတော့ ခွင့်ပြုသွားမှာဖြစ်ပါတယ်၊ Yellow Card က ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်တာဖြစ်တဲ့အတွက် အခမဲ့လုပ်ပေးမှာပါ”

အဲဒီဌာနရဲ့စာရင်းတွေအရ လောလောဆယ် ကချင်ပြည်နယ်ထဲက ပန်ဝါ၊ ကန်ပိုက်တီ၊ လွယ်ဂျယ်စတဲ့ နယ်စပ်ဝင်ပေါက်သုံးခုကနေ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားအယောက် တစ်ရာကျော်ထဲမှာ အများစုကတော့ စီးပွားရေးဗီဇာ(Business Visa) နဲ့ ဝင်ရောက်လာသူတွေဖြစ်ပြီး ကိုးဆယ်ရာခိုင်နှုန်းလောက်ဟာ ကျောက်စိမ်းနဲ့ ရွှေလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။