တရုတ်နိုင်ငံက တရားမဝင် အေးခဲ အသားတွေ မဝင်စေရေး ကချင် အစိုးရ သတိပေး


2014.09.04

ကချင်ပြည်နယ်အတွင်း အန္တရာယ်ဖြစ်စေတဲ့ တရားမဝင် အေးခဲအသားတွေ မဝင်ရောက်နိုင်ဖို့အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ မြစ်ကြီးနားမြို့အဝင် ဗလမင်းထင်တံတားဂိတ်တွေမှာ သတိပေးဆိုင်းဘုတ်တွေစိုက်ထူဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

အေးခဲအသားတွေကတဆင့် ကူးစက်ရောဂါတွေမပျံ့နှံ့နိုင်ဖို့နဲ့ တရားမဝင်ရောင်းဝယ် ကုန်သွယ်မှုတွေကို တားဆီးနိုင်ဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောပါတယ်။

"အသားတွေကို နိုင်ငံခြားကနေပြီးဝင်လာတဲ့ ကိစ္စကိုကျတော့ သူတို့အနေနဲ့ ဘယ်လောက်ထိ ကျန်းမာတဲ့ ရေခဲအသားတွေကိုသွင်းလာတယ်ဆိုတာ ကျနော်တို့မသိရဘူးပေါ့၊ နောက်တစ်ချက် ကလည်း အိမ်နီးချင်းနိုင်ငံတွေမှာ ကြက်၊ ငှက်တုတ်ကွေးတွေလည်း ဖြစ်နေတယ်လေ၊ အဲ့လိုဖြစ်နေတော့ ကျနော်တို့ ကချင်ပြည်နယ်သူ၊ ပြည်နယ်သားများအနေနဲ့ မလိုအပ်တဲ့ ကျန်းမာရေးဖြစ်စဉ်တွေပေါ့၊ ဒီရေခဲအသားကြောင့် ဖြစ်လာမယ့် ဖြစ်စဉ်မျိုးမဖြစ်ရလို့အောင် ဆိုမှ ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ အကျိုးကိုရှေးရှှုပြီးမှ ကျနော်တို့တားဆီးထားတာ၊ အဓိကကတော့ နယ်စပ်ဝင်ပေါက်တွေနဲ့ ဂိတ်တွေမှာပေါ့နော်"

ဒါ့အပြင် တရုတ်ပြည်ကို တရားမဝင် ကျွဲ၊ နွားတွေ ရောင်းချနေတာတွေကိုလည်း အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ပန်ဝါ-ကန်ပိုက်တီ၊ ဗန်းမော်၊ လွယ်ဂျယ်စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတဆင့် တရုတ်ပြည်ဘက်က စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ဝင်ရောက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။