မြန်မာအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းဖို့ တရုတ်တောင်းဆို

အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ အားလုံးကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တရုတ်အစိုးရက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားတာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားဖြစ်စေမယ်လို့ မိမိတို့ ယုံကြည်ကြောင်း တရုတ်အစိုးရ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်သူတို့ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းတော့မယ်လို့ ပြောဆိုနေတာ ရှိတဲ့အတွက် အမြန်ဆုံး ရုပ်သိမ်းစေလိုကြောင်း တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့အရေးယူမှုတွေကို လျော့ချတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးရေးကိစ္စအပြင် ပြည်တွင်းစစ် ရပ်စဲရေးကိစ္စတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့ စောင့်ကြည့်သွားမှာဖြစ်ပြီး ပိတ်ဆို့ အရေးယူမှုတွေထဲက တချို့ကို ဆက်လက် ထားရှိမယ်လို့ ပြောထားပါတယ်။

အလားတူ သြစတေးလျနိုင်ငံကလည်း သူတို့ ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတော့မယ်လို့ ပြောထားပါတယ်။